Samsung Galaxy Z Fold4 မှာ ဘက်ထရီ ၂ ခု တွဲစပ်ထားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က တောင်ကိုရီးယား Certification မှာ အဲဒီ ဘက်ထရီတွေကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘက်ထရီတွေရဲ့ ဓါတ်ပုံတွေကိုပဲ ပြသထားပြီး Specification တွေကို မသိရခဲ့ပါဘူး။
အခုတော့ GalaxyClub က အဲဒီ Specification တွေကို မျှဝေလိုက်ပြီး စုစုပေါင်း ဘက်ထရီ ပမာဏဟာ အရင်မျိုးဆက်နဲ့ သိပ်မကွာခြားပါဘူး။ ဒါပေမယ့် အရင်မျိုးဆက်ထက် ပိုမို ပါးလွှာလာကာ ကင်မရာ ဟာ့ဒ်ဝဲတွေ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏကို မလျှော့ချထားဘဲ ကျန်တဲ့ အရာတွေပိုမို ကောင်းမွန်လာအောင် ပြုလုပ်ထားတာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။
ဘက်ထရီ ၁ ခုက 2,002mAh ဖြစ်ပြီး နောက် ၁ ခုက 2,268mAh ဖြစ်ပါတယ်။ စုစုပေါင်း ဘက်ထရီ ပမာဏက 4,270mAh ဖြစ်ပြီး လက်ရှိ Galaxy Z Fold3 နဲ့ တူညီနေပါတယ်။ ဒါပေမယ့် အဆင့်သတ်မှတ်ချက်နဲ့ တကယ် ထည့်သွင်းပေးထားတဲ့ ဘက်ထရီ ပမာဏဟာ အနည်းငယ် ကွဲပြားပြီး Galaxy Z Fold3 မှာ တကယ် ထည့်သွင်းပေးထားတာက 4,400mAh ဘက်ထရီ ဖြစ်ပါတယ်။
အရင်ကတော့ Galaxy Z Fold4 မှာ ဘက်ထရီ ပမာဏ လျှော့ချထားမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခု သတင်းအရတော့ လျှော့ချထားမှာ မဟုတ်ပါဘူး။
Ref : gsmarena