ဖုန်း ကုမ္ပဏီ တချို့က ဖုန်း သန့်ရှင်းရေး လုပ်နိုင်တဲ့ အဝတ်စ (Polishing Cloth) ကို ဈေးကြီးကြီးနဲ့ ရောင်းနေကြပေမယ့် တချို့ ကုမ္ပဏီတွေက အခမဲ့ပေးနေပါတယ်။ အခမဲ့ ပေးနေတဲ့အထဲမှာ Samsung Germany လည်း ပါပါတယ်။ Samsung ဖုန်း ကိုင်ထားသူတွေဟာ အဲဒီ အဝတ်စကို အခမဲ့ တောင်းယူနိုင်ပါတယ်။
အဝတ်စဟာ ၂၀ စင်တီမီတာ ပတ်လည် အရွယ်အစား ရှိပြီး မျက်နှာပြင် အပါအဝင် ဖုန်း ၁ ခုလုံးကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ အဲဒီလို အဝတ်စကို စတိုးတွေမှာလည်း ဈေးချိုချိုနဲ့ ဝယ်ယူနိုင်သလို တချို့ ဖုန်း ကုမ္ပဏီတွေကလည်း ဖုန်းဝယ်ရင် ထည့်ပေးလေ့ရှိကြပါတယ်။
Germany မှာ Samsung Member App ကနေ အဝတ်စကို တောင်းယူနိုင်ပြီး Samsung က ပထမဆုံး အယောက် ၁,၀၀၀ ကို ပေးမှာ ဖြစ်ပါတယ်။ ဈေးချိုတဲ့ Galaxy A52s ပဲကိုင်ကိုင်၊ ဈေးကြီးတဲ့ Galaxy S21 နဲ့ နောက်ဆုံးပေါ် Foldable ဖုန်းတွေ ဖြစ်တဲ့ Galaxy Z Flip3 နဲ့ Galaxy Z Fold3 ပဲ ကိုင်ကိုင် အဝတ်စကို အခမဲ့ တောင်းဆိုနိုင်ပါတယ်။ ဟိုးအရင်က ထုတ်ခဲ့တဲ့ ဖုန်းအဟောင်း ကိုင်ထားသူတွေလည်း အကျုံးဝင်ပါတယ်။
Samsung က ဖုန်း သန့်ရှင်းရေး လုပ်နိုင်တဲ့ အဝတ်စကို အခမဲ့ ပေးတာဟာ Apple ကို တိုက်ခိုက်ချင်လို့ ဖြစ်နိုင်ပါတယ်။ Apple ဟာ အဝတ်စကို ၂၅ ယူရိုနဲ့ ရောင်းချထားပြီး မြန်မာငွေ ၅၀,၀၀၀ လောက် ရှိပါတယ်။ Apple ရဲ့ အဝတ်စဟာ ၁၆ စင်တီမီတာ ပတ်လည် ရှိတဲ့အတွက် Samsung ရဲ့ အဝတ်စက ပိုတောင်ကြီးနေပြီး Specification အပိုင်းမှာ ပိုတောင် အသာရနေတယ်လို့ အရွှန်းဖောက်လို့တောင် ရပါတယ်။
Ref : galaxyclub