Samsung ဟာ ပရီမီယံအဆင့် စမတ်ဖုန်းတွေကို မြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းချအောင်မြင်နေတယ်ဆိုတာ ယုံမှားစရာမရှိပါဘူး။ ဒါပေမဲ့ Galaxy S22 ဟာ သစ်လွင်ဆန်းသစ်ပေမဲ့လည်း ဂိမ်းကစားတဲ့အတွေ့အကြုံမှာတော့ ထင်သလောက်မကောင်းဘူးလို့ စောဒကတက်နေကြပါတယ်။

Exynos 2200/ Snapdragon 8 Gen 1 ရဲ့ စွမ်းဆောင်ရည်က ဘာဖြစ်လို့ ဂိမ်းကောင်းကောင်းကို မကစားနိုင်ရတာလဲဆိုတဲ့မေးခွန်းတွေလည်း ပြည့်နှက်နေပါပြီ။ ဒီမေးခွန်းတွေအတွက်အဖြေကို sammobile ကတော့ ရှာဖွေပေးထားပါတယ်။ အဓိကတရားခံက CPU နဲ့ GPU စွမ်းဆောင်ရည်ကို ပြင်းထန်စွာနှောင့်နှေးစေတဲ့ Samsung ရဲ့ GOS (Games Optimization Service) ကြောင့်လို့ ဆိုပါတယ်။

တောင်ကိုရီးယား YouTuber Square Dream အပါအဝင် အရင်းအမြစ်အတော်များများက ဒီတွေ့ရှိချက်ကို အတည်ပြုခဲ့ကြပါတယ်။ လူသိများတဲ့ Benchmarking app “3D Mark” ကို “Genshin Impact” အဖြစ် နာမည်ပြောင်းပြီးနောက် ရလဒ်တွေ စမ်းသပ်ပြသခဲ့ပါတယ်။ GOS ဖွင့်ထားခြင်းက ရလဒ်သိသိသာာကျဆင်းသွားတာကို တွေ့ရှိခဲ့ကြရတာ ဖြစ်ပါတယ်။

အလားတူပဲ တောင်ကိုရီးယားဖိုရမ် Clien ကအသုံးပြုသူတစ်ဦးကလည်း GOS ကို ဖွင့်ပြီးစမ်းသပ်ရမှတ်နဲ့ GOS ပိတ်ပြီး စမ်းသပ်ရမှတ် ကွာခြားပုံကို ယှဉ်တွဲပြသခဲ့ပါတယ်။ GOS ဖွင့်ထားတဲ့အခါ ရလဒ်က ၅၀% နီးပါးကို ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာဟာ Samsung ရဲ့ GOS ကြောင့်ဆိုပြီး လက်ညှိုးထိုးချင်စရာဖြစ်နေပါတော့တယ်။

GOS ဟာ ဂိမ်းတစ်ခု လည်ပတ်လှုပ်ရှားတိုင်း ပါဝင်နေပြီး CPU နဲ့ GPU ရဲ့ စွမ်းဆောင်ရည်တွေကိုပါ ထိခိုက်စေနေတာ ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားကုမ္ပဏီဘက်ကတော့ တစ်စုံတရာပြောဆိုခြင်း မပြုသေးပေမဲ့ သိရှိတဲ့အနေအထားမှာရှိနေသလို၊ ပြေလည်အောင်ဖြေရှင်းဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ ယူဆရပါတယ်။

Ref: sammobile