Samsung ဟာ ကမ္ဘာတစ်ဝန်းက သူ့ရဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာအဆောက်အဦးတွေကို တိုးတက်ကောင်းမွန်လာစေဖို့ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်ပြီးလုပ်ဆောင်နေတာကို တွေ့နိုင်ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုအများစုဟာ Chip ထုတ်လုပ်တဲ့ စက်ရုံသစ်တွေထူထောင်ဖို့အတွက် ဖြစ်ပါတယ်။

အခုအခါမှာတော့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ အခြားသောထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုကို တိုးမြင့်လာစေဖို့အတွက် သင့်လျော်တဲ့ငွေကြေးပမာဏကို ဖယ်ထားလိုက်ပြီ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံဟာ Samsung ရဲ့ ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံတွေရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ မက္ကဆီကိုမှာရှိတဲ့စက်ရုံတွေဟာ အိမ်သုံးပစ္စည်းတွေကို အဓိကထား ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

Samsung ဟာ အခုအခါမှာ ထုတ်လုပ်မှုကိုတိုးမြှင့်ဖို့အတွက် နိုင်ငံတွင်းမှာ သိသိသာသာ ငွေကြေးအမြောက်အများကို ရင်းနှီးမြှုပ်နှံမှာလည်း ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး Marcelo Ebrand က အိမ်သုံးပစ္စည်းတွေထုတ်လုပ်မှုမြှင့်တင်ဖို့အတွက် Samsung ဟာ သူ့ရဲ့နိုင်ငံမှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Samsung ဟာ မက္ကဆီကိုအလယ်ပိုင်းက Queretaro မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ Ebrand က Samsung Electronic CEO Han Jong Hee နဲ့ တွေ့ဆုံပြီး ဒီရင်းနှီးမြှုပ်နှံမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ မက္ကဆီကိုနိုင်ငံ Tijuana မှာ တီဗီတပ်ဆင်စက်ရုံကို ဖွင့်လှစ်ထားပြီး နှစ်စဉ် အလုံးရေ ၁၉ သန်းနီးပါး ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

မက္ကဆီကိုက စက်ရုံဟာ Samsung ရဲ့ မြောက်အမေရိကအတွက် ရုပ်မြင်သံကြားဆိုင်ရာ မဟာဗျူဟာအားလုံးအတွက် အရေးကြီးတယ်လို့ သိရပါတယ်။ Tijuana စက်ရုံက ယူနစ်တွေကို Samsung ရဲ့ အကြီးမားဆုံး တီဗီဈေးကွက်တစ်ခုဖြစ်တဲ့ ပင်မဥရောပတိုက်တစ်ခွင်မှာ ရောင်းချနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်ဖို့နဲ့ သူ့ရဲ့ထုတ်ကုန်တွေရဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် မက္ကဆီကိုမှာ ထပ်လောင်းရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ဆန္ဒရှိနေတယ်ဆိုတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

မက္ကဆီကိုမှာ ထုတ်လုပ်မှုအခြေခံရှိနေတာကြောင့် Samsung ဟာ မြောက်အမေရိကဈေးကွက်တစ်ခုလုံးကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။

Ref: sammobile