ဒီဖက်နှစ်တွေမှာ စမတ်ဖုန်း ထုတ်လုပ်မှုတွေဟာ အနာဂါတ်မျှော် ဒီဇိုင်းတွေထက်ကို ကျော်လွန်လာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း Display တွေကို Sci-fi ရုပ်ရှင်တွေထဲကလို ကွေးခေါက်လို့ရတဲ့ ပစ္စည်းတွေအဖြစ် ဖန်တီးခဲ့ကြပြီး အခု လက်ရှိမှာ ပိုပြီး တိုးတက် တီထွင်တဲ့ နည်းပညာတွေဆီကို ဦးတည်လာခဲ့ပါပြီ။ လက်ရှိမှာတော့ Samsung က ထွင်းဖောက် မြင်နိင်တဲ့ Display ပါဝင်တဲ့ ဟန်းဆက်အသစ်တစ်မျိုးကို မူပိုင်ခွင့် တင်လိုက်ပါတယ်။

တောင်ကိုရီးယား အခြေစိုက် နည်းပညာအဖွဲ့အစည်းကြီးက USPTO (အမေရိကန် မူပိုင်ခွင့်နှင့် အမှတ်အသားရုံး) နဲ့ WIPO (ကမ္ဘာ့ ဉာဏဆိုင်ရာ မူပိုင်ခွင့်ရုံး) တို့မှာ မူပိုင်ခွင့်တင်ခဲ့တယ်လို့ LetsGoDigital ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ အဆိုပါ အစီရင်ခံစာမှာ ထွင်းဖောက်မြင်နိုင်တဲ့ စမတ်ဖုန်းကို ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာကို ဖော်ပြထားပြီး ဩဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ဒီနည်းပညာကို တခြား လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ တီဗီ၊ မော်နီတာ၊ လက်တော့ပ် နဲ့ ဂိမ်းစက်တွေမှာပါ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီမူပိုင်ခွင့်မှာ နည်းပညာရှုထောင့်ပေါ် အခြေခံပြီး ထွင်းဖောက်မြင်နိုင်စွမ်းရှိတဲ့ နည်းပညာကို ရရှိဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ နဲ့ ပါဝင်တဲ့ အလွှာ အမျိုးမျိုးထိ ကို အသေးစိတ်တိတိကျကျ ရှင်းပြထားပါတယ်။ မူပိုင်ခွင့်မှာ ဖော်ပြထားတဲ့ ဖုန်းမှာဆိုရင် ကျဉ်းမြောင်းတဲ့ ဘေးဘောင်နဲ့ ထွင်းဖောက်မြင်နိုင်တဲ့ မျက်နှာပြင် ပါရှိပါတယ်။ အလင်းဖောက်ဝင်နိုင်တဲ့ Panel တွေ ပါဝင်တာကြောင့် OLED panel ကို အသုံးပြုထားပုံလည်း ရပါတယ်။

စိတ်မကောင်းစရာကတော့ ထွင်းဖောက်မြင် Display ပါဝင်တဲ့ အမည်မသိ Samsung Galaxy ဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေဟာ လောလောဆယ် မထွက်ရှိသေးပါဘူး။ ဒါ့အပြင် တောင်ကိုရီးယား အခြေစိုက် နည်းပညာ အဖွဲ့အစည်းကြီးက အဆိုပါ ဖုန်းကို လက်ရှိအချိန်မှာ တီထွင်နေပြီလား၊ ဒါမှမဟုတ် မကြာခင် နှစ်ပိုင်းအတွင်းမှာ ထွက်ရှိလာနိုင်တဲ့ စမတ်ဖုန်း အမျိုးအစားကို ကြိုပြီး မူပိုင်ခွင့်တင်ထားရုံလား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။

Ref – GizmoChina