Punch-hole မျက်နှာပြင်တွေက စမတ်ဖုန်းတွေရဲ့ ခေတ်ရေစီးကြောင်းမဖြစ်ခင်မှာ ပုံစံအမျိုးမျိုးနဲ့ Notch တွေရှိခဲ့သလို၊ Pup-up ကင်မရာနဲ့ ဒီဇိုင်းအချို့လည်း ထွက်ပေါ်ခဲ့ပါတယ်။ Samsung ဟာ Pop-up ကင်မရာနဲ့ စမတ်ဖုန်း ထုတ်လုပ်ရောင်းချခြင်း မပြုခဲ့ပေမယ့် Galaxy A80 ကိုတော့ Rotating ကင်မရာဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

အခုတော့ Samsung ဟာ စမတ်ဖုန်းတွေအတွက် ထူးခြားတဲ့ Pop-up ကင်မရာ Module တစ်ခုကို မူပိုင်ခွင့်တင်ထားတာ တွေ့လာရပါတယ်။ LetsGoDigital ရဲ့ဖော်ပြချက်အရ Samsung Electronic ဟာ ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းမှာ WIPO (World Intelligent Office) ဆီ “ကင်မရာ Module ပါဝင်တဲ့ အီလက်ထရောနစ်ပစ္စည်း” ကို မူပိုင်ခွင့်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီမူပိုင်ခွင့်ကို အတည်ပြုပြီးတဲ့နောက် ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။မူပိုင်ခွင့်ဒီဇိုင်းမှာဖော်ပြထားတာကတော့ လှည့်နိုင်တဲ့ Pop-up ကင်မရာ Module ပဲ ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေအရ Module မှာ အနည်းဆုံး ကင်မရာသုံးလုံးပါဝင်တာကိုတွေ့ရပါတယ်။ ပုံမှန်အခြေအနေမှာတော့ ဒီကင်မရာတွေက ကျောဘက်ကင်မရာတွေအဖြစ် ရှိနေမှာပါ။

ဒါပေမယ့် Selfie mode နဲ့ ဗီဒီယိုခေါ်ဆိုမှုအတွက်အသုံးပြုချိန်မှာတော့ ဆလင်ဒါပုံစံဟာ ရှေ့ဘက်ကိုမျက်နှာလည့်ပြီး ထိပ်ဆုံးကင်မရာတစ်လုံးတည်းထွက်ပေါ်လာတဲ့အထိ မြင့်တက်လာမယ့်ပုံစံလည်း တွေ့ရပါတယ်။ စာရွက်စာတမ်းအရတော့ ဒုတိယ Sensor ကို ဖွင့်ဖို့လည်း ရွေးချယ်နိုင်ကြောင်းသိရပါတယ်။ ဒီစနစ်ဟာ မော်တာနဲ့ ဂီယာနှစ်ခုနဲ့ ဝင်ရိုးရှည်ကို အသုံးပြုထားတာ တွေ့ရပါတယ်။

Ref: Gizmochina