Samsung ဟာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် Software Update ဖြန့်ချိပေးတဲ့ စနစ်ကို တိုးတက်အောင်ပြုလုပ်နေပြီး အခုတော့ နောက်ဆုံးထုတ် Galaxy S22 Series စမတ်ဖုန်းတွေအတွက် Android OS Update ၄ ဆက်အထိပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ Galaxy Unpacked Event မှာ Samsung က Galaxy S22 Series နဲ့ မကြာခင်က ရောင်းချခဲ့တဲ့ Device တွေအတွက် Android Version ၄ ဆက်အထိပေးမယ်လို့ ပြောပါတယ်။
အဲဒီအတွက် တခြား ကုမ္ပဏီထုတ် စမတ်ဖုန်းတွေထက် သာလွန်ကာ Samsung ရဲ့ စမတ်ဖုန်းတွေမှာ လုပ်ဆောင်ချက်အသစ်တွေနဲ့ Security Update တွေကို ရရှိတော့မှာပါ။ ဒီနေ့ခေတ် ရောင်းချတဲ့ စမတ်ဖုန်း အများစုဟာ Android Update ကို ၂ နှစ်အထိပဲရရှိကြပါတယ်။
Software Update တွေ နှစ်ကြာကြာရတဲ့အတွက် အဲဒီ Device တွေကို အသုံးပြုနိုင်တဲ့ အချိန်ဟာလည်း တိုးမြင့်လာမှာ ဖြစ်ပါတယ်။ အခုကြေညာချက်ဟာ Samsung ရဲ့ “Together for Tomorrow” အမည်ရ အရောင်းမြှင့်တင်ရေး စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။
Samsung ဟာ အနည်းဆုံး ၄ နှစ် Android OS Update ရမယ့် Device ၁၂ လုံးကိုအတည်ပြုထားပါတယ်။ Galaxy S22 Series နဲ့ Galaxy Tab S8 Series အပြင် အရင်နှစ်ထုတ် Galaxy S21 Series ၊ Galaxy S21 FE ၊ Galaxy Z Fold3 နဲ့ Galaxy Z Flip3 တို့လည်း ပါဝင်ကြပါတယ်။
Samsung ရဲ့ အခုကြေညာချက်က စိတ်ဝင်စားစရာကောင်းသလို အထင်ကြီးစရာလည်း ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ Google တောင် သူ့ရဲ့ စွမ်းရည်မြင့် Pixel 6 Series အတွက် Android OS Update ကို ၃ နှစ်ပဲပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Google က Security Update ကို ၅ နှစ်အထိ ပေးမယ်လို့ ကတိပေးထားပါတယ်။
Ref : gizmochina