Engadget ကဖော်ပြတဲ့သတင်းအရ Samsung ဟာ ပြီးခဲ့တဲ့ တတိယသုံးလပတ်ကာလအတွင်းမှာ စံချိန်တင်အဖြစ် $63.1 ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ထိပ်ဆုံးလိုင်းအတွက် ၁၀% တိုးလာတာဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုအမြတ်အစွန်းဟာ ၁၃.၅ ဘီလီယံဒေါ်လာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သုံးလပတ်ထက် ၂၆% တိုးတက်လာတာလည်းဖြစ်သလို ဒီသုံးလပတ်အတွင်း ဝင်ငွေ ၂၂.၆ ဘီလီယံဒေါ်လာဟာ Samsung ရဲ့ Semiconductor လုပ်ငန်းကနေ ရရှိလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ Chip ပြတ်လပ်မှုဖြစ်ပေါ်နေပေမဲ့ တောင်ကိုရီးယားကုမ္ပဏီကြီးကတော့ သူ့ရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို လိုက်လျောညီထွေလည်ပတ်နိုင်ခဲ့တာကြောင့် ဒီကဏ္ဍကနေ အမြတ်ကြီးကြီးထုတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မိုလ်ဘိုင်းလုပ်ငန်းက ဒီသုံးလပတ်အတွက် စံချိန်ချိုးခဲ့ပြီး ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

Galaxy Fold 3 နဲ့ Galaxy Z Flip 3 တို့လို Foldable flagships တွေကရောင်းအားကောင်းတာကြောင့် Samsung ဟာ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ဝင်ငွေ ၂၄.၂ ဘီလီယံဒေါ်လာ ရရှိခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွန်ပျူတာတွေရောင်းအားကောင်းလာတဲ့အတွက် Semiconductors ဝယ်လိုအားလည်း တိုးတက်လာခဲ့ပါသေးတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် လူအများစုက အိမ်ကနေပဲအလုပ်လုပ်ကြတဲ့ အကျိုးဆက်ကိုရရှိလိုက်တာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေဟာ Foldable လိုင်းအတွက် အသုံးပြုထားတဲ့ဈေးကွက်ချဲ့ထွင်မှုကြီးတွေကြောင့် သက်ရောက်မှုကြီးလာခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ Samsung စမတ်ဖုန်းဝယ်လိုအားတိုးလာတဲ့နည်းတူ သူ့ရဲ့ Display business ကလည်း ဝင်ငွေ ၇.၅ ဘီလီယံဒေါ်လာကို ယူဆောင်လာပေးပါသေးတယ်။ Display ကဏ္ဍက OLED panels အသေးကနေ အလယ်အလတ်အထိ ခိုင်မာတဲ့ဝယ်လိုအားကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကြီးမားတဲ့အရွယ်အစားကတော့ ရောင်းအားနည်းခဲ့ပါတယ်။

Ref: Phone Arena