Samsung ဟာ ယခုနှစ်အစောပိုင်းတုန်းက Galaxy S20 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပေမယ့်လည်း COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် မှန်းထားသလောက် ရောင်းအားမကောင်းခဲ့ပါဘူး။ အဲ့ဒီအတွက် Samsung အနေနဲ့ ယခင် Galaxy S Series ဖုန်းတွေလောက်တောင် ယခုနှစ် Galaxy S20 Series ဖုန်းတွေက မအောင်မြင်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။

Samsung ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Galaxy Note 20 Series ဖုန်းတွေဖြစ်တဲ့ Galaxy Note 20 နဲ့ Note 20 Ultra ဖုန်းတွေကိုပါ ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။ အခုထွက်ရှိလာတဲ့သတင်းတွေအရတော့ အဆိုပါ Galaxy Note 20 Series ဖုန်းတွေလည်း Samsung က ခန့်မှန်းထားတဲ့ ရောင်းအားကို ပြည့်မှီအောင် ရောင်းချနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လထဲမှာတင် Galaxy Note 20 Series ဖုန်းအလုံးရေ ၉၀၀,၀၀၀ ခန့် ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထားပေမယ့်လည်း တကယ်တမ်းမှာတော့ အလုံးရေ ၆၀၀,၀၀၀ ခန့်ပဲ ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုမျိုး ခန့်မှန်းခြေထက် ၃၀ ရာခိုင်နှုန်းခန့် လျော့ချထုတ်လုပ်လိုက်ရတာကလည်း ရောင်းအားပိုင်းမှာ မလိုက်လာတာကြောင့်ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Galaxy Note 20 ဖုန်းဟာ Note 20 Ultra နဲ့ ယှဥ်မယ်ဆိုရင် ရောင်းချရနှုန်းက ၂ ပုံ ၁ ပုံပဲ ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Galaxy Note 20 ဖုန်းက ထွက်ရှိခဲ့သမျှ Galaxy Note Series ဖုန်းတွေထဲမှာ ရောင်းအားအနည်းဆုံးဖုန်းတောင် ဖြစ်လာနိုင်ပါတယ်။

Samsung ကိုယ်တိုင်ကလည်း Galaxy Note 20 Ultra ကိုတော့ ပိုကောင်းတဲ့ Display ၊ 108MP Camera Setup နဲ့ Premium Build Quality နဲ့ ထုတ်လုပ်ထားပေမယ့် Galaxy Note 20 ကတော့ သာမန် 60Hz Full HD Display ၊ 12MP Camera Setup နဲ့ Plastic Back တွေကြောင့် ဝေဖန်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ Galaxy S21 Series ဖုန်းတွေကို ပုံမှန်ထက် ၁ လစောပြီးမိတ်ဆက်တော့မယ်လို့ သိရတဲ့အတွက် Galaxy Note 20 Series ဖုန်းတွေကို အခုလိုမျိုးပဲ ဆက်လက်လျော့ချပြီးထုတ်လုပ်သွားဖို့ များနေပါတယ်။

Ref – Gizmo China