Samsung ဟာ အခုအချိန်မှာ Galaxy S21 Series စမတ်ဖုန်းတွေအတွက် Exynos 2100 Chipset ကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Exynos 2100 Chipset ဟာ CPU Performance ပိုင်းမှာ ARM Cortex-X1 Prime Core ကိုပါ ထည့်သွင်းလာခဲ့တဲ့အတွက် စွမ်းဆောင်ရည်ပိုင်း သိသိသာသာပိုကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း GPU ပိုင်းမှာတော့ Mali-G78 GPU ကိုပဲ အသုံးပြုထားတာဖြစ်ပြီး ယခင် Exynos Chipset တွေနဲ့ ယှဥ်ရင် စွမ်းဆောင်ရည်ပိုကောင်းလာတယ်ဆိုပေမယ့် တခြား Flagship Chipset တွေနဲ့ ယှဥ်ရင်တော့ အားနည်းနေဆဲဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း Samsung ကနေ သတင်းကောင်းတစ်ခုကိုပါ ထုတ်ဖောပြောကြားခဲ့ပါတယ်။

ဒါကတော့ Samsung System LSI Business ရဲ့ President နဲ့ GM အဖြစ်တာဝန်ယူထားတဲ့ Dr. Inyup Kang ကနေ လာမယ့် Next Generation Exynos Processor အသစ်မှာ ပထမဆုံးအနေနဲ့ AMD GPU နည်းပညာကို အသုံးပြုလာမယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။ Samsung ဟာ AMD နဲ့ပူးပေါင်းမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခဲ့တာဖြစ်ပြီး Exynos Chipset တွေမှာ AMD GPU ကို အသုံးပြုမယ့်အချိန်ကို အခုမှပထမဆုံးအနေနဲ့ တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Samsung ဟာ ယခင်တုန်းက Exynos Chipset တွေကို ထုတ်လုပ်နေပေမယ့် Qualcomm Snapdragon Chipset တွေနဲ့ ယှဥ်ရင် အားနည်းနေတဲ့အတွက် ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ Exynos 2100 Chipset ကတော့ လက်ရှိသတင်းတွေအရ Snapdragon 888 ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းမွန်နေတယ်လို့ သိရတဲ့အတွက် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကတော့ Samsung ကနေ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့် Galaxy Z Fold3 Foldable ဖုန်းမှာ AMD GPU ပါဝင်တဲ့ Exynos Chipset အသစ်ကို အသုံးပြုလာမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိုပြီး ဖြစ်နိုင်ခြေများနေတာကတော့ နောက်နှစ်မှပဲ Exynos Chipset တွေမှာ AMD GPU ကို စတင်အသုံးပြုလာနိုင်ပါတယ်။

Ref – Gizmo China