Samsung လို့ဆိုလိုက်တာနဲ့ စမတ်ဖုန်းတွေကို အမြောက်အများထုတ်လုပ်တဲ့ကုမ္ပဏီကြီးဆိုတာကိုတော့ မသိတဲ့သူမရှိတဲ့အထိ အောင်မြင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက Galaxy Note Series ဖုန်းတွေအစား Galaxy Foldable ဖုန်းတွေနဲ့ အစားထိုးပြီး ထုတ်လုပ်ခဲ့ပါတယ်။

ဒီလိုမျိုး စျေးနှုန်းပိုမြင့်မားတဲ့ Galaxy Foldable ဖုန်းတွေကို မိတ်ဆက်ခဲ့ပေမယ့်လည်း Samsung ဟာ ၂၀၂၁ အတွက် စမတ်ဖုန်းအလုံးရေ ၂၇၂ သန်းရောင်းချခဲ့ရပြီး စမတ်ဖုန်းစျေးကွက်ရဲ့ နံပါတ် (၁) နေရာကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ စမတ်ဖုန်းစျေးကွက်ရဲ့ ၂၀.၁ ရာခိုင်နှုန်းကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယနေရာမှာတော့ Apple ကနေ စမတ်ဖုန်းအလုံးရေ ၂၃၅.၇ သန်းရောင်းချထားပြီး စျေးကွက်ရဲ့ ၁၇.၄ ရာခိုင်နှုန်းကို ရယူထားတာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Xiaomi ကနေ စမတ်ဖုန်းအလုံးရေ ၁၉၁ သန်းရောင်းချပြီး တတိယနေရာကို ရယူထားပြီး စတုတ္ထနေရာမှာ OPPO နဲ့ ပဥ္စမနေရာမှာ vivo တို့က အသီးသီးနေရာယူထားကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ စမတ်ဖုန်းရောင်းချရမှု ၁.၃၅ ဘီလီယံရှိနေခဲ့ပြီး ၂၀၂၀ တုန်းကထက် ၅.၇ ရာခိုင်နှုန်းပိုတိုးတက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေဟာ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 Pandemic မပြင် Chipset ပြတ်တောက်မှုပြဿနာတွေကြောင့် စမတ်ဖုန်းတွေရဲ့ ရောင်းအားက ခန့်မှန်းထားတာထက် ပိုပြီး လျော့နည်းနေခဲ့တာပါ။ ဒါပေမယ့် ယခု ၂၀၂၂ နှစ်မှာတော့ Foldable ဖုန်းတွေ ပိုပြီး ရေပန်းစားလာသလို 5G စမတ်ဖုန်းစျေးကွက်ကလည်း အောင်မြင်လာတာကြောင့် ပိုပြီး ရောင်းအားကောင်းလာမယ်လို့ ခန့်မှန်းနေကြပါတယ်။

Ref – Android Central