Samsung ဟာ လက်ရှိအချိန်မှာ Exynos Mobile Chipset တွေရဲ့ GPU စွမ်းဆောင်ရည်ကို မြင့်တင်ဖို့အတွက် AMD နဲ့ ပူးပေါင်းထားတာဖြစ်ပါတယ်။ အဆိုပါ AMD RDN2 Architecture ကို အသုံးပြုထားတဲ့ Exynos Chipset အသစ်တွေအကြောင်းကို လာမယ့်လအတွင်းမှာ အသေးစိတ်သိရှိရမယ်ဆိုပြီးလည်း သတင်းတွေထွက်နေပါတယ်။

အခုလည်း SamMobile ရဲ့ ပြောကြားချက်အရ Samsung ဟာ အဆိုပါ AMD GPU အသုံးပြုထားတဲ့ Exynos Chipset တွေကို ကိုယ်ပိုင် Samsung Galaxy စမတ်ဖုန်းတွေတင်မဟုတ်ဘဲ တခြားသော စမတ်ဖုန်းတွေအတွက်ပါ ထုတ်ပေးသွားမယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဖြစ်နိုင်ခြေအများဆုံးဖြစ်နေတာကတော့ လက်ရှိအချိန်မှာလည်း Exynos Chipset တွေကို အသုံးပြုနေတဲ့ Vivo ဖြစ်ပါတယ်။

Vivo ဟာ နောက်ဆုံးသိရှိထားတဲ့သတင်းတွေအရ Exynos 2200 လို့နာမည်ပေးထားတဲ့ High-end Chipset ကို X Series ဖုန်းအသစ်တွေမှာ အသုံးပြုဖို့စီစဥ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဆိုပါ Exynos 2200 Chipset ဟာ AMD GPU ပါဝင်တဲ့ ပထမဆုံး Exynos Chipset ဖြစ်လာနိုင်ပါတယ်။

လက်ရှိအချိန်အထိတော့ Samsung နဲ့ AMD တို့ပူးပေါင်းထားတဲ့ Exynos Chipset ရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ကောင်းမွန်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားထားတဲ့သတင်းတွေအရဆိုရင်တော့ လက်ရှိအကောင်းဆုံး Mobile GPU တွေထက်တောင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပိုပြီး သာလွန်လာဖွယ်ရှိနေပါတယ်။

Samsung ဟာ Vivo အပြင် လာမယ့် Google Pixel 6 ဖုန်းမှာ အသုံးပြုလာမယ့် Google ကိုယ်ပိုင် Whitechapel Chip အတွက်လည်း နည်းပညာပိုင်းထောက်ပံ့ပေးထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Exynos နာမည်ကို အသုံးပြုမှာမဟုတ်တဲ့အတွက် Vivo အပြင် နောက်ထပ် ဘယ်စမတ်ဖုန်းကုမ္ပဏီတွေက AMD GPU ပါဝင်တဲ့ Exynos Chipset ကို အသုံးပြုလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Ref – Android Authority