Samsung ဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက Galaxy Z Fold4 Foldable ဖုန်းကို မိတ်ဆက်ရောင်းချခဲ့ပါတယ်။ အဆိုပါ Galaxy Z Fold4 ဟာ Galaxy Z Fold3 တုန်းကလိုပဲ S Pen ကို ထောက်ပံ့ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy Z Fold4 ဖုန်းမှာ တခြားသော S Pen Support လုပ်တဲ့ဖုန်းတွေလိုမျိုး S Pen ထည့်ထားဖို့နေရာပါဝင်ခြင်းမရှိခဲ့ဘဲ ဖုန်းရဲ့ Cover မှာပဲ S Pen ထည့်သွင်းဖို့ နေရာထည့်ထားပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Galaxy Z Fold4 ကို Cover မပါဘဲ အသုံးပြုမယ်ဆိုရင် S Pen ကို သီးသန့်သယ်ဆောင်ရမှာပါ။

အခုနောက်ဆုံးအနေနဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရ Samsung ကနေ လာမယ့် Foldable ဖုန်းအသစ်တွေမှာ S Pen ကို သီးသန့်သယ်ဆောင်စရာမလိုအောင် ဖုန်းအတွင်းမှာ ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အခုလိုမျိုး ပြုလုပ်လိုက်တာက Galaxy Foldable ဖုန်းတွေကို ပိုပြီး လူကြိုက်များစေဖို့ ရည်ရွယ်တာကြောင့်ဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ နောက်ပိုင်းထွက်ရှိလာတဲ့ Galaxy Foldable ဖုန်းတွေဟာ ယခင်ထက် ပိုမို ပါးလွှာပြီး ပေါ့ပါးအောင် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ နောက်ထပ်တစ်ချက်ကတော့ လက်ရှိ Samsung Foldable ဖုန်းတွေမှာ ပါဝင်နေဆဲဖြစ်တဲ့ Screen ခေါက်ရာကိုလည်း ပိုမိုနည်းပါးအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref – GSM Arena