အမေရိကန် နိုင်ငံ San José Mineta နိုင်ငံတကာလေဆိပ် မှာ ခရီးသည်တွေကို ကူညီလမ်းညွှန်ပေးဖို့အတွက် “José” လို့ အမည်ပေးထားတဲ့ AI နည်းပညာသုံး လူတူစက်ရုပ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ စီလီကွန်တောင်ကြား အခြေစိုက် IntBot ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အဲဒီရိုဘော့ဟာ လေဆိပ်အတွင်း လမ်းညွှန်ပေးတာ၊ ခရီးသည်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတာနဲ့ လေဆိပ်ရဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို တိုက်ရိုက်ပြောပြပေးတာမျိုးတွေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
အဲဒီ José ရိုဘော့ကို Terminal B၊ Gate 24 အနီးက Zoom Zone မှာ ထားရှိထားပြီး ခရီးသည်တွေကို ဖော်ဖော်ရွေရွေနဲ့ ဆီးကြိုနှုတ်ဆက်နေပါတယ်။ အထူးခြားဆုံးအချက်ကတော့ သူဟာ ဘာသာစကားပေါင်း ၅၀ ကျော်ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်တာကြောင့် နိုင်ငံတကာက လာရောက်တဲ့ ခရီးသည်တွေအတွက် အားကိုးရမယ့် အဖော်မွန်တစ်ခု ဖြစ်လာမှာပါ။ လူစည်ကားတဲ့ နေရာမျိုးတွေမှာတောင် ခရီးသည်တွေ ဘာမေးသလဲဆိုတာကို သေချာနားလည်ပြီး အသုံးဝင်တဲ့ အဖြေတွေကို ချက်ချင်းပြန်ပြောနိုင်အောင် ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။

အခု စမ်းသပ်ကာလ ၄ လအတွင်းမှာ AI ရိုဘော့တွေဟာ ခရီးသည်တွေကို ဘယ်လောက်အထိ အထောက်အကူပြုနိုင်မလဲဆိုတာနဲ့ လေဆိပ်လုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်ချောမွေ့အောင် ဘယ်လိုကူညီပေးမလဲဆိုတာကို တာဝန်ရှိသူတွေက စောင့်ကြည့်လေ့လာသွားမှာ ဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အနာဂတ်လေဆိပ်တွေမှာ အခုလို ရိုဘော့ဝန်ထမ်းတွေကို ပိုပြီး မြင်တွေ့လာရတော့မှာပဲ ဖြစ်ပါတယ်။
Ref : Technology Innovation