ဒါကတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုလိုပါပဲ။ ဆော်ဒီအာရေးဗီးယား ဟာ ကမ္ဘာ့ပထမဆုံး “မိုးပျံ အားကစားကွင်း” (NEOM Stadium) ကို တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ အံ့အားသင့်စရာကောင်းတာက အဲဒီအားကစားကွင်းကြီးကို The Line စမတ်စီးတီးအတွင်း သဲကန္တာရမြေပြင်အထက် မီတာ ၃၅၀ (ပေ ၁,၁၅၀) အမြင့်မှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီ အားကစားကွင်းကြီးကို ၂၀၃၄ ခုနှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရည်ရွယ်တည်ဆောက်မှာပါ။ ပရိသတ် ၄၆,၀၀၀ ဝင်ဆံ့မှာဖြစ်ပြီး လုံးဝကို နေရောင်ခြည်စွမ်းအင်နဲ့ လေစွမ်းအင်တွေလို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေနဲ့ပဲ လည်ပတ်သွားမှာပါ။
တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၇ မှာ စတင်ပြီး ၂၀၃၂ မှာ အပြီးသတ်ဖို့ စီစဉ်ထားပါတယ်။ FIFA ကလည်း ဒီစီမံကိန်းကို “ပဏာမ” ထောက်ခံထားပြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အားကစားကွင်း စံနှုန်းသစ်တွေ ချမှတ်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးထားပါတယ်။
ဒါပေမဲ့ ဒီလောက်အမြင့်ကြီးမှာ၊ သဲကန္တာရအလယ်မှာ ဆောက်ရမယ့် အဆောက်အအုံကြီးအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် ဘေးကင်းလုံခြုံမှုနဲ့ လူတွေ လွယ်လွယ်ကူကူ သွားလာနိုင်ရေးက အဓိက ပြဿနာတွေပါပဲ။
Social media ပေါ်မှာလည်း လူတွေက ဒီဒီဇိုင်းကို ချီးကျူးကြသူတွေ ရှိသလို၊ တကယ် တည်ဆောက်နိုင်ပါ့မလား၊ ခိုင်ခံ့မှု ရှိပါ့မလား ဆိုပြီး သံသယဝင်သူတွေနဲ့ ဝေဖန်မှုတွေ ရောထွေးနေပါတယ်။
Ref : Fossbytes
