တောင်ကိုရီးယားနိုင်ငံ KAIST တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ သွေးထွက်လွန်နေတဲ့ ဒဏ်ရာတွေကို ချက်ချင်း ကုစားပေးနိုင်မယ့် နည်းပညာသစ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဒဏ်ရာပေါ် ဖြန်းလိုက်တာနဲ့ သွေးကို ဂျယ်လ် (Gel) အဖြစ် ပြောင်းလဲသွားစေပြီး စက္ကန့်ပိုင်းအတွင်း သွေးတိတ်သွားစေမယ့် “စပရေး” ပဲ ဖြစ်ပါတယ်။

ဒီနည်းပညာမှာ အသုံးပြုထားတဲ့ အမှုန့်တွေဟာ သွေးထဲမှာရှိတဲ့ ဓာတ်မှုန်တွေနဲ့ ဓာတ်ပြုပြီး ၁ စက္ကန့်လောက်အတွင်းမှာတင် အကာအကွယ်အလွှာ (Seal) တစ်ခုအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

သာမန် ပတ်တီးစည်းလို့ မရနိုင်တဲ့ ဒဏ်ရာအနက်ကြီးတွေနဲ့ ပုံစံမမှန်တဲ့ ဒဏ်ရာတွေ (ဥပမာ – မတော်တဆမှုတွေ၊ စစ်ပွဲအတွင်း ရရှိတဲ့ ဒဏ်ရာတွေ) အတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ သမားရိုးကျ ပတ်တီးစည်းတာတွေထက် အများကြီး ပိုမြန်ဆန်ပြီး ဒဏ်ရာပေါ်ကို ရိုးရိုးလေး ဖြန်းချလိုက်ရုံနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဒီနည်းပညာသာ တွင်ကျယ်လာခဲ့ရင် အရေးပေါ် ကုသမှုတွေနဲ့ စစ်မြေပြင်တွေမှာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးရမယ့် အန္တရာယ်ကို ကြီးကြီးမားမား လျှော့ချပေးနိုင်လိမ့်မယ်လို့ သုတေသီတွေက မျှော်လင့်ထားကြပါတယ်။
Ref : Fossbytes