ဗီယင်နာ နည်းပညာတက္ကသိုလ် (TU Wien) က သုတေသနအဖွဲ့နဲ့ Cerabyte ကုမ္ပဏီတို့ ပူးပေါင်းပြီး ဘက်တီးရီးယားထက် သေးငယ်တဲ့ ကမ္ဘာ့အသေးငယ်ဆုံး QR ကုဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ၁ ဒသမ ၉၈ စတုရန်းမိုက်ခရိုမီတာသာ ကျယ်ဝန်းတဲ့ အဲဒီကုဒ်ကို ဂင်းနစ်မှတ်တမ်းကလည်း တရားဝင် အသိအမှတ်ပြုထားပါတယ်။ ဒီစီမံကိန်းဟာ စံချိန်တင်ဖို့သက်သက် မဟုတ်ဘဲ အနာဂတ် ဒေတာသိုလှောင်မှု နည်းပညာတွေအတွက် အလားအလာသစ်တွေကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီ QR ကုဒ်ဟာ သေးငယ်လွန်းတဲ့အတွက် သာမန်မျက်စိနဲ့ဖြစ်စေ၊ ရိုးရိုးမိုက္ကရိုစကုပ်နဲ့ဖြစ်စေ မမြင်နိုင်ဘဲ အဆင့်မြင့် အီလက်ထရွန်မိုက္ကရိုစကုပ်နဲ့မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကုဒ်ကို ၂၉ x ၂၉ မော်ဂျူး တည်ဆောက်ပုံနဲ့ ဖန်တီးထားပြီး ပစ်ဇယ်တစ်ခုချင်းစီဟာ ၄၉ နာနိုမီတာသာ ကျယ်ဝန်းပါတယ်။ ဒါဟာ မြင်နိုင်တဲ့ အလင်းလှိုင်းအလျားရဲ့ ဆယ်ပုံတစ်ပုံခန့်သာ ရှိတာကြောင့် ဒေတာကုဒ်လုပ်ခြင်း နည်းပညာဟာ နာနိုအဆင့်အထိ တိုးတက်လာပြီဆိုတာကို ပြသနေပါတယ်။

Do QR codes expire over time? Static vs dynamic codes

ဒီကုဒ်ကို ဖန်တီးဖို့အတွက် သုတေသီတွေဟာ အိုင်းယွန်းရောင်ခြည်တန်း နည်းပညာကို အသုံးပြုပြီး ပါးလွှာတဲ့ ကြွေပြားပေါ်မှာ ပုံဖော်ခဲ့ကြပါတယ်။ ကြွေသားဟာ အလွန်ခိုင်ခံ့ပြီး ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့အတွက် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲသွားနိုင်တဲ့ အက်တမ်အဆင့် တည်ဆောက်ပုံတွေနဲ့ မတူဘဲ ကြွေသားဟာ သတင်းအချက်အလက်တွေကို အချိန်ကြာမြင့်စွာ တည်ငြိမ်စွာနဲ့ ဖတ်ရှုနိုင်အောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ဒီနည်းပညာဟာ အနာဂတ်မှာ ဒေတာသိုလှောင်မှုနဲ့ ထိန်းသိမ်းမှု ပုံစံတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ကြွေသားအခြေခံ နာနိုသိုလှောင်မှု စနစ်ဟာ အရေးကြီးတဲ့ အချက်အလက်တွေကို လျှပ်စစ်စွမ်းအင်၊ အအေးပေးစနစ်နဲ့ ပုံမှန်ပြုပြင်ထိန်းသိမ်းမှုတွေ မလိုဘဲ နှစ်ရာထောင်ချီ ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေးသွင်းပြီးနောက်ပိုင်း စွမ်းအင်သုံးစွဲမှု နီးပါးမရှိတာကြောင့် ဒေတာစင်တာတွေရဲ့ လျှပ်စစ်သုံးစွဲမှုကို လျှော့ချပေးနိုင်ပြီး ရေရှည်တည်တံ့တဲ့ ဒစ်ဂျစ်တယ် သိုလှောင်မှုစနစ်ကို ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

Ref : gizmochina