ဒီလ ၆ ရက်နေ့ ဝါရှင်တန် ဒီစီမှာ ဆူပူမှုတွေ ဖြစ်ပွားပြီးနောက် ဒေါ်နယ်ထရမ့် အကောင့်ကို ပိတ်ပင်တဲ့ ကုမ္ပဏီတွေထဲမှာ Snapchat နဲ့ YouTube တို့ ပါဝင်လာပါတယ်။ Snapchat က “ သမ္မတ ဒေါ်နယ်ထရမ့် အကောင့်ကနေ တင်တဲ့ Content တွေဟာ Snapchat စည်းကမ်းကို ချိုးဖောက်တဲ့အတွက် အကြိမ်ကြိမ် သတိပေးခဲ့ပြီးနောက်မှာ အခုလို ပိတ်ပင်လိုက်တာပါ။ ထရမ့်ဟာ တခြား လူမှုကွန်ရက် အကောင့်တွေမှာလည်း ဒီလိုမျိုး စည်းကမ်း ဖောက်ဖျက်နေပါတယ်။ “ လို့ ပြောပါတယ်။
YouTube ကလည်း စည်းကမ်း ဖောက်တဲ့အတွက် ထရမ့် အကောင့်ကို ၁ ပတ်ကြာ ပိတ်ပင်လိုက်တယ်လို့ CNN က သတင်းပေးထားပါတယ်။ YouTube ဟာ အိမ်ဖြူတော်ရဲ့ အကောင့်ကနေ တင်တဲ့ ဗီဒီယိုတွေကိုလည်း စည်းကမ်းနဲ့ မညီတဲ့အတွက် ဖျက်ပစ်ခဲ့ပါတယ်။
YouTube ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဗီဒီယို တင်တာနဲ့ Live Stream တွေကို ၇ ရက် ပိတ်ပင်ထားမှာ ဖြစ်ကာ ပိတ်ပင်မှုကို တိုးချဲ့ကောင်းတိုးချဲ့နိုင်တယ်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် ထရမ့် Channel ရဲ့ ဗီဒီယိုတွေအောက်က ကွန်းမန့်တွေကိုပါ ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ YouTube ရဲ့ မူဝါဒ အရ ဒုတိယအကြိမ် စည်းကမ်းဖောက်ရင် ၂ ပတ်ကြာနဲ့ တတိယအကြိမ်ဆိုရင် ရာသက်ပန် ပိတ်ပင်မှာပါ။
Snapchat ဟာ ထရမ့် အကောင့်ကို အရင်ကလည်း ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ Influencer တွေရဲ့ Professional Content တွေ ပြည့်နှက်နေတဲ့ Discover Section မှာ ထရမ့်ရဲ့ Content တွေ Promote လုပ်လို့မရအောင် ကန့်သတ်ခဲ့ဖူးပါတယ်။ ထရမ့် အကောင့်ကို Search ကနေပဲ ရှာလို့ရခဲ့ပါတယ်။
Ref : gsmarena