ARM ဟာ လက်ရှိအချိန်မှာ Chip တွေထုတ်လုပ်ဖို့အတွက် ဒီဇိုင်းရေးဆွဲပေးနေတဲ့ ကုမ္ပဏီတွေထဲမှာ အအောင်မြင်ဆုံးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လက်ရှိ Qualcomm Snapdragon ၊ Samsung Exynos နဲ့ MediaTek ကုမ္ပဏီတွေအကုန်လုံးက ARM ရဲ့ CPU Core နည်းပညာတွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple iDevice တွေအတွက် A Series Chipset တွေနဲ့ မကြာခင်မိတ်ဆက်တော့မယ့် MacBook တွေမှာအသုံးပြုလာမယ့် Apple Silicon ကလည်း ARM Chip တွေကိုပဲ အခြေခံထားမှာပါ။ အဆိုပါ ARM ကုမ္ပဏီကိုတော့ ဂျပန်နိုင်ငံအခြေစိုက် SoftBank ကုမ္ပဏီကနေပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းထဲက SoftBank ကနေ ARM ကို Nvidia ဆီကို လွှဲပြောင်းရောင်းချဖို့ရှိနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာ The Wall Street Journal ကနေ အဆိုပါ အရောင်းအဝယ်ဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာတင် ဖြစ်ပွားနိုင်တယ်လို့ ဖော်ပြလိုက်ပါတယ်။

SoftBank ဟာ ARM ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဒေါ်လာ ၃၁ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အခု Nvidia ကနေ ဒေါ်လာ ဘီလီယံ ၄၀ ကျော်နဲ့ ပြန်လည်ဝယ်ယူမှာဖြစ်ပါတယ်။ Nvidia သာ ARM ကို ပိုင်ဆိုင်သွားပြီဆိုရင် စမတ်ဖုန်းလောကတင်မဟုတ်ဘဲ Laptop နဲ့ Tablet PC တွေအတွက် Processor စျေးကွက်ကိုပါ အတိုင်းအတာတစ်ခုထိ လွှမ်းမိုးနိုင်မယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ARM-based Processor တွေဟာ စမတ်ဖုန်းလောကမှာ အကုန်လုံးနီးပါး အသုံးပြုနေသလို PC စျေးကွက်မှာလည်း Apple ကနေ ၂ နှစ်အတွင်း Mac ကွန်ပျူတာတွေကို ARM-based Apple Silicon Chipset တွေကို ပြောင်းလဲအသုံးပြုမှာဖြစ်တဲ့အတွက် ဆက်လက်အောင်မြင်နေဦးမှာပါ။

Ref – The Verge