Sony ဟာ မိတ်ဆက်ပြီးတဲ့အချိန်ကတည်းက PlayStation 5 ဂိမ်းစက်တွေကို အများအပြားရောင်းချနေရပြီး ဝယ်လိုအားအလွန်များပြားတာကြောင့် အလျှင်မှီအောင် တိုးမြှင့်ထုတ်လုပ်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Sony ကနေ PlayStation 5 ဂိမ်းစက်တွေကို ဝယ်လိုအား ပြည့်မှီအောင် ထုတ်လုပ်နိုင်ပြီဖြစ်တာကြောင့် Stock ပြတ်လပ်မှုတွေရှိမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အခုလည်း နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းအရ Sony ဟာ PlayStation 5 ထက် ပိုကောင်းတဲ့ PlayStation 5 Pro ဂိမ်းစက်ကို လာမယ့် ဧပြီလမှာ ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ PlayStation 5 ဂိမ်းစက်ဟာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ခဲ့တာကြောင့် အချိန် ၂ နှစ်ခွဲအကြာမှာ ထပ်မံမိတ်ဆက်မှာဖြစ်ပါတယ်။

ယခင် PlayStation 4 တုန်းကလည်း အလားတူ Pro Version ကို မိတ်ဆက်ခဲ့ဖူးပြီး ပိုမိုပါးလွှာတဲ့ Slim ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် PlayStation 5 အတွက် Pro Version ကိုပဲ မိတ်ဆက်ဖို့ စီစဥ်ထားပြီး Slim Version ထွက်ရှိလာမှာမဟုတ်ဘူးလို့ သိရပါတယ်။

အဆိုပါ PlayStation 5 Pro ရဲ့ အဓိကပြောင်းလဲချက်တစ်ခုက Cooling ပိုင်းမှာ Water Cooling နည်းပညာကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ PlayStation 5 မှာ အသုံးပြုထားတဲ့ Liquid Metal Compound ထက် ပိုပြီး Cooling ပိုင်း ပိုကောင်းမှာဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ PlayStation 5 ထက် ပိုပြီးကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China