Sony ရဲ့ စမတ်ဖုန်းရောင်းချရမှုဟာ လက်ရှိ Apple ၊ Samsung နဲ့ Huawei လိုမျိုး ကုမ္ပဏီကြီးတွေနဲ့ ယှဥ်ရင် သိသိသာသာကို နည်းပါးနေခဲ့တာဖြစ်ပါတယ်။ အခုလည်း Sony ကနေ ပြီးခဲ့တဲ့နှစ် အားလပ်ရက်ပိတ်ရက် ၃ လဖြစ်တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း စမတ်ဖုန်းရောင်းအားတွေကို ဖော်ပြခဲ့ပြီး ထင်ထားသလောက် မဆိုးတဲ့ပုံစံပါပဲ။

Sony ရဲ့ ဖော်ပြချက်အရ အဆိုပါ ၃ လပတ်အတွင်းမှာ စမတ်ဖုန်းအလုံးရေ ၁.၃ သန်းရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒါက တခြားသော စမတ်ဖုန်းကုမ္ပဏီတွေနဲ့ ယှဥ်ရင် နည်းပါးတယ်ဆိုပေမယ့် Sony အတွက်တော့ ယခင်နှစ်က ရောင်းချခဲ့ရတဲ့ အလုံးရေ ၆ သိန်းဝန်းကျင်နဲ့ ယှဥ်ရင် ၂ ဆကျော်လောက်တိုးတက်လာတယ်လို့ ပြောရမှာပါ။

ဒါပေမယ့်လည်း Sony အတွက်ကတော့ နှစ်အလိုက်ပြန်ကြည့်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်းခန့်ကျဆင်းနေပြီး ဒါကလည်း Imaging Sensor တွေနဲ့ Entertainment ပိုင်းမှာ ရောင်းအားကျဆင်းတာကြောင့်လို့ သိရပါတယ်။ ၂၀၁၉ ရဲ့ နောက်ဆုံး ၃ လပတ် ရောင်းအားအမြတ်ငွေဟာ JYP ၃၀၀ ဘီလီယံဝန်းကျင် (ဒေါ်လာ ၂.၇၅ ဘီလီယံ) ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ရဲ့ အမြတ်ဝင်ငွေ JYP ၃၇၇ ဘီလီယံ (ဒေါ်လာ ၃.၄၆ ဘီလီယံ) ဝန်းကျင်ကနေ ကျဆင်းခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး ရောင်းအားတက်တာတွေရော၊ အမြတ်ဝင်ငွေ ကျဆင်းမှုတွေရောဖြစ်နေပေမယ့် Sony ကတော့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနှစ်ကုန်ဆုံးမယ့် လာမယ့် မတ်လကုန် ၂၀၂၀ မှာတော့ ပြီးခဲ့တဲ့နှစ်ထက် အမြတ်ဝင်ငွေ ၅ ရာခိုင်နှုန်းခန့်တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref – GSM Arena