5G ဆက်သွယ်မှုဟာ မိုဘိုင်း ကိရိယာတွေအတွက် အနာဂတ် နည်းပညာ ဖြစ်ပြီး မောင်းသူမဲ့ ကားတွေနဲ့ လူနာတွေ ခွဲစိပ်တာတွေကို ကမ္ဘာ့ တစ်ဖက်ခြမ်းကနေ ထိန်းချုပ်လုပ်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် အရမ်းမိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံအနည်းငယ်မှာပဲ အသုံးပြုနိုင်သေးပေမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နေကြပါပြီ။

အခုတော့ Omdia က 5G ကွန်ရက် ဖြန့်ကျက်ထားတဲ့ နိုင်ငံတွေရဲ့ တိုးတက်မှု စစ်တမ်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကမ္ဘာ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက တောင်ကိုရီးယား ဖြစ်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံကတော့ ကူဝိတ်ကို ကျော်တက်ပြီး နံပါတ် ၂ နေရာကို ခုန်တက်သွားပါတယ်။ မြို့ပေါင်း ၄၂၆ ခုမှာ 5G ကွန်ရက် ၈၀ ရာခိုင်နှုန်းတောင် ဖြန့်ကျက်ထားနိုင်တဲ့ ကူဝိတ်ကိုတောင် ဆွစ်ဇာလန်က နောက်ကောက်ချနိုင်ခဲ့တာပါ။ ဆွစ်ဇာလန်ရဲ့ အထင်ကရ Swisscom ဟာ နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းကိုတောင် ဖြန့်ကျက်ထားပြီးပါပြီ။

ဗြိတိန်က ဥရောပမှာ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပြီး အစိုးရဟာ နိုင်ငံအဝန်းမှာ 5G ကွန်ရက်ရဖို့ အများကြီး ရင်းနှီးမြှပ်နှံထားတယ်လို့ Omdia က ပြောပါတယ်။ မိုဘိုင်း ကိရိယာတွေအတွက် 5G အခြေခံ အဆောက်အဦးတွေ တည်ဆောက်ဖို့ စတာလင်ပေါင် သန်း ၄၀၀ အပါအဝင် ၁.၁ ဘီလီယမ်အထိတောင် ငွေကြေးသုံးစွဲထားပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ဂျာမနီနဲ့ ဖင်လန်ဟာလည်း တိုးတက်လာပါတယ်။

Omdia ရဲ့ လေ့လာဆန်းစစ်သူ Stephen Myers က ကမ္ဘာ့ ကပ်ရောဂါ ဖြစ်နေပေမယ့် နိုင်ငံ အစိုးရနဲ့ Carriers တွေဟာ 5G ကွန်ရက် ဝန်ဆောင်မှုပေးဖို့နဲ့ ကွန်ရက် တိုးချဲ့ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

Ref : gsmarena