Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ကမ္ဘာအဝန်းမှ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ သုံးစွဲသူ အရေအတွက်ဟာ ၄ သန်းကျော်သွားပါပြီ။ SpaceX က အဲဒီ ဝန်ဆောင်မှုကို ပြုလုပ်ပေးထားတာ ၄ နှစ်မကြာသေးတဲ့အချိန်မှာ အခုလောက် သုံးစွဲသူများပြားသွားတာဟာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။

SpaceX ဟာ ၂၀၁၀ ခုနှစ်များ အလယ်မှာ အင်တာနက် ထုတ်လွှင့်ပေးတဲ့ ဂြိုလ်တု စီမံကိန်းကို စီစဉ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ် မတိုင်ခင်အထိ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ၂၀၁၉ ခုနှစ် မေလကျမှ ပထမအသုတ် Starlink ဂြိုလ်တုတွေကို လွှတ်တင်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဂြိုလ်တု အင်တာနက်ကို စမ်းသပ် အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စီးပွားဖြစ် ဝန်ဆောင်မှုပေးခဲ့ပြီး အဲဒီနောက်မှာ တစ်နိုင်ငံပြီး တစ်နိုင်ငံ ဝန်ဆောင်မှု တိုးချဲ့ခဲ့ပါတယ်။

Starlink surges past 4 million subscribers as Musk's satellite empire grows

အဲဒီ ဝန်ဆောင်မှုကို သုံးစွဲသူ အရေအတွက်ဟာ လျှင်မြန်စွာ ကြီးထွားလာပါတယ်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ သုံးစွဲသူ ၁ သန်းကျော်သွားခဲ့ပြီး ၂၀၂၃ ခုနှစ်စက်တင်ဘာလမှာ ၂ သန်း ပြည့်သွားပါတယ်။ ပြီးခဲ့တဲ့ မေလမှာ ၃ သန်းကျော်သွားခဲ့ပါတယ်။ အခုတော့ ၄ လအတွင်း နောက်ထပ် ၁ သန်းထပ်တိုးလာပြီး ၄ သန်းကျော်သွားပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ SpaceX ဟာ Starlink ဂြိုလ်တု ၇,၀၀၀ ကျော်ကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ထားပါတယ်။ ဒီလ အစောပိုင်းမှာ United Airlines က လေယာဉ်တွေမှာ Starlink ဂြိုလ်တု အင်တာနက်ကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

Ref: techspot