SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုဟာ အလွန်လျင်မြန်တဲ့နှုန်းနဲ့ ဆက်လက်တိုးတက်နေပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ သုံးစွဲသူ ၈ သန်း အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ သုံးစွဲသူ ၇ သန်း ပြည့်သွားပြီးနောက် ၂ လကျော် အကြာမှာပဲ သုံးစွဲသူ ၁ သန်း ထပ်မံတိုးလာတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က သုံးစွဲသူ ၄ သန်းပဲ ရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် တစ်နှစ်အတွင်း သုံးစွဲသူ အရေအတွက် နှစ်ဆ တိုးတက်လာတာကို တွေ့ရပါတယ်။

ဒီလို တိုးတက်လာရတာဟာ သာမန်သုံးစွဲသူတွေကြောင့် သာမကဘဲ၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ British Airways, Iberia နဲ့ Aer Lingus တို့ကို ပိုင်ဆိုင်တဲ့ International Airline Group (IAG) က သူတို့ရဲ့ လေယာဉ် အစီး ၅၀၀ မှာ Starlink Wi-Fi ကို ၂၀၂၆ ခုနှစ် အစောပိုင်းကစပြီး တပ်ဆင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ United Airlines, Alaska Airlines, Qatar Airways တို့နဲ့ လုပ်ထားတဲ့ သဘောတူညီမှုတွေအပြင် ထပ်တိုးလာတဲ့ လေကြောင်းလိုင်း ပူးပေါင်းမှုတစ်ခု ဖြစ်ပါတယ်။

Starlink ဟာ မြန်နှုန်းမြင့် fiber အင်တာနက်လိုင်းတွေ မရရှိနိုင်တဲ့ ကျေးလက်ဒေသက လူတွေအတွက်တော့ တကယ့်ကို အားကိုးရတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်နေပါတယ်။ အိမ်တိုင်ရာရောက် fiber လိုင်းတွေက အမြန်ဆုံးနဲ့ အစိတ်ချရဆုံး ဖြစ်နေတုန်းပဲ ဆိုပေမယ့်၊ Starlink ကြောင့်သာ မဟုတ်ရင် ကျေးလက်ဒေသတွေမှာ အင်တာနက်မြန်နှုန်းဟာ single digit (10 Mbps အောက်) မှာပဲ ရှိနေမှာပါ။ အခုတော့ Starlink ကြောင့် လိုင်းမကောင်းတဲ့ နေရာတွေမှာတောင် high-speed gaming တွေ ဆော့ကစားနိုင်တဲ့အထိ အဆင်ပြေလာပါတယ်။
လက်ရှိ ဈေးကွက်မှာတော့ Starlink ဟာ ပြိုင်ဘက်မရှိသလောက် ဖြစ်နေပါတယ်။ SpaceX ဟာ ဂြိုလ်တုပေါင်း ၈,၀၀၀ ကျော် ပိုင်ဆိုင်ထားပြီး၊ အနီးစပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ China ရဲ့ Guowang network ကတော့ ဂြိုလ်တု ၁၀၀ ကျော်လောက်ပဲ ပိုင်ဆိုင်ထားပါသေးတယ်။ Amazon ရဲ့ Project Kuiper ကလည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပေမယ့် အများပြည်သူ အသုံးပြုနိုင်တဲ့အဆင့်ထိ မရောက်သေးပါဘူး။ SpaceX ကတော့ လက်ရှိ ဝန်ဆောင်မှုအပြင်၊ cellular Starlink စနစ်နဲ့ စမတ်ဖုန်းတွေ၊ စမတ်နာရီတွေအထိပါ ဝန်ဆောင်မှု တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။
Ref : pcmag