Stellantis ဟာ ထောင့်မှန်အတိုင်း အတက်အဆင်းနဲ့ မြေပြင်ဆင်းသက်ခြင်း ပြုလုပ်နိုင်တဲ့ လျှပ်စစ် (eVTOL) ယာဉ်တွေ အမြောက်အများ ထုတ်လုပ်ဖို့အတွက် လေကြောင်းတက္ကစီ Startup Archer နဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ကြောင်း ကြေညာလိုက်ပါတယ်။

သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Stellantis ဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ Archer ကို “သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်မှုအရ” ဒေါ်လာ သန်း ၁၅၀ နဲ့ညီမျှတဲ့ အရင်းအနှီး ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီနှစ်ခုလုံးဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီတုန်းက ညှိနှိုင်းခဲ့ကြတဲ့ ထောက်ပံ့မှုကွင်းဆက်နဲ့ ကျွမ်းကျင်ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်တွေဆီ ပြန်လည်ရောက်ရှိနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

Archer ဟာ Atlas Crest Investment နဲ့ပူးပေါင်းခဲ့ပြီး လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။ Stellantis ကတော့ United Airlines နဲ့ အတူ ပူးပေါင်းခဲ့တဲ့နောက် ဒေါ်လာ ၁.၁ ဘီလီယံအထိ တန်ဖိုးတက်သွားခဲ့ပြီး ကုမ္ပဏီနှစ်ခုပေါင်းတန်ဖိုးက ဒေါ်လာ ၃.၈ ဘီလီယံအထိ ဖြစ်လာခဲ့ပါတယ်။

Air taxi ရင်းနှီးမြှုပ်နှံမှုတွေဟာ ၂၀၂၁ ခုနှစ်ကတည်းက အတော်လေး ခမ်းခြောက်သွားခဲ့တယ်ဆိုပေမဲ့ ရင်းနှီးမြှုပ်နှံသူအများစုကတော့ eVTOL ကုမ္ပဏီတွေဟာ ခန့်မှန်းထားတဲ့ အချိန်အတောအတွင်း စီးပွားဖြစ်ဝန်ဆောင်မှုတစ်ခုကို အောင်မြင်စွာစတင်နိုင်မယ်လို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

Archer က တီထွင်ထုတ်လုပ်နေတဲ့ လေယာဉ်အမျိုးအစားကို ယေဘုယျအားဖြင့် “Flying car” ခေါ်ပေမဲ့ အဆိုပါယာဉ်တွေဟာ အမှန်တကယ်ကားတွေနဲ့ ဆင်တူခြင်းမရှိပါဘူး။ ယာဉ်တွေဟာ လျှပ်စစ်စွမ်းအင်သုံးပြီး ခရီးသည်အနည်းငယ်သာတင်ဆောင်နိုင်ပြီး မြို့တွင်း၊ ဒါမှမဟုတ် ဒေသအလိုက် တိုတောင်းတဲ့လေကြောင်းခရီးစဉ်တွေအတွက်ပဲ ရည်ရွယ်တာ ဖြစ်ပါတယ်။

Midnights ဟာ Tilt-rotors တွေကိုအသုံးပြုပြီး ရဟတ်ယာဉ်လိုမျိုး ထောင်လိုက် အတက်အဆင်းပြုလုပ်နိုင်၊ လေယာဉ်လိုမျိုး ရှေ့ကိုသွားနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ eVTOL လေယာဉ်အမျိုးအစားတွေကို တည်ဆောက်နေတဲ့ အလားတူ Startup ဒါဇင်ပေါင်းများစွာလည်းရှိပေမဲ့ ဘယ်ကုမ္ပဏီကမှ စီးပွားဖြစ်ဝန်ဆောင်မှုအတွက် စတင်နိုင်ခြင်း မရှိသေးပါဘူး။

Archer ကတော့ သူ့ရဲ့ Midnight လေယာဉ်တွေကို ၂၀၂၄ ခုနှစ်မှာ ဂျော်ဂျီယာက သူ့ရဲ့စက်ရုံမှာ အမြောက်အများထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ Midnight ကို မိုင် ၁၀၀ အကွာအဝေးခရီးအတွက် ဒီဇိုင်းထုတ်လုပ်ထားပေမဲ့ Archer ကတော့ မိုင် ၂၀ အသွားအပြန် ခရီးစဉ်အတွက်ပဲ အာရုံစိုက်တဲ့ မဟာဗျူဟာကို အလေးအနက်ထား အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

Ref: The Verge