ကမ္ဘာကျော် သီအိုရီဆိုင်ရာ ရူပဗေဒပညာရှင်၊ စကြဝဠာဗေဒပညာရှင်နဲ့ စာရေးဆရာကြီးဖြစ်တဲ့ စတီဖင်ဟော့ကင်းဟာ ၂၀၁၄ ခုနှစ်က BBC သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Artificial Intelligence (AI)  ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကြောက်စရာကောင်းလောက်တဲ့ သတိပေးချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်က သူအသုံးပြုနေတဲ့၊ AI နည်းပညာအချို့ပါဝင်တဲ့ စကားပြောစက်အဆင့်မြှင့်တင်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

Stephen Hawking - will AI kill or save humankind? - BBC News

၂၀၁၈ ခုနှစ် မတ်လမှာ အသက် ၇၆ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့တဲ့ ဟော့ကင်းဟာ ယေဘုယျနှိုင်းရသီအိုရီနဲ့ ကွမ်တမ်ဒြပ်ဆွဲအားနယ်ပယ်တွေမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် အထူးကျော်ကြားသူဖြစ်ပါတယ်။

သူဟာ ၂၀၀၂ ခုနှစ်မှာ “The Theory of Everything: The Origin and Fate of the Universe” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာ ဘာသာစကားပေါင်း ၄၀ ကျော်နဲ့ ကော်ပီပေါင်း ၂၅ သန်းကျော် ရောင်းချခဲ့ရပါတယ်။ သူ့ရဲ့ကွယ်လွန်ပြီး ၇ လအကြာမှာထုတ်ဝေခဲ့တဲ့ “Brief Answers to the Big Questions” ဆိုတဲ့ နောက်ဆုံးစာအုပ်မှာတော့ “ဘုရားသခင် တကယ်ရှိသလား” ဆိုတဲ့ အငြင်းပွားဖွယ်မေးခွန်းအပေါ် သူ့ရဲ့အပြီးသတ်အဖြေကို မျှဝေခဲ့ပါသေးတယ်။

အဲဒီလို ဘာသာရေးဆိုင်ရာအကြောင်းမတိုင်ခင် လေးနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဟော့ကင်းက AI နဲ့ပတ်သက်တဲ့ သူ့ရဲ့စိုးရိမ်မှုကို ထုတ်ဖော်ခဲ့တာပါ။

သူဟာ အာရုံကြောနဲ့ ကြွက်သားတွေကို ထိခိုက်စေတဲ့ ALS (Lou Gehrig’s disease) ရောဂါကို ခံစားခဲ့ရပြီး အဲဒီအချိန်က Intel နဲ့ SwiftKey တို့က ပူးပေါင်းထုတ်လုပ်ထားတဲ့ AI အခြေခံစနစ်အသစ်ကို အသုံးပြုပြီး စကားပြောခဲ့တာဖြစ်ပါတယ်။ အဲဒီစနစ်က ဟော့ကင်းရဲ့ စဉ်းစားပုံကိုလေ့လာပြီး သူပြောချင်တဲ့စကားလုံးတွေကို ကြိုတင်ခန့်မှန်းပေးနိုင်တာကြောင့် စာရိုက်နှုန်းပိုမြန်ဆန်စေခဲ့ပါတယ်။

Stephen Hawking gave serious warning about AI before he died - Technology - UNILAD

ဒါပေမဲ့ ဟော့ကင်းက အဲဒီနည်းပညာရဲ့အနာဂတ်အပေါ်မှာတော့ “AI နည်းပညာ အပြည့်အဝဖွံ့ဖြိုးတိုးတက်လာမှုဟာ လူသားမျိုးနွယ်ရဲ့ နိဂုံးချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်” လို့ ပြင်းထန်စွာ သတိပေးခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က အခြေခံ AI နည်းပညာတွေက သူ့အတွက် အလွန်အသုံးဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပေမယ့်၊ လူသားတွေလို ဒါမှမဟုတ် လူသားတွေထက် ပိုပြီးဉာဏ်ရည်မြင့်တဲ့ AI တွေကို ဖန်တီးမိခဲ့ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ သူက အလွန်စိုးရိမ်ခဲ့တာပါ။

“အဲဒီ AI တွေဟာ သူတို့အလိုလိုပဲ အရှိန်အဟုန်မြင့်မားစွာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဒီဇိုင်းထုတ်ပြီး တိုးတက်အောင် လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်” လို့ ဟော့ကင်းက ဆိုပါတယ်။ “နှေးကွေးတဲ့ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုနဲ့ ကန့်သတ်ခံထားရတဲ့ လူသားတွေဟာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘဲ အစားထိုးခံရမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

AI နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သူဟာ ဟော့ကင်းတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ Bill Gates ကလည်း AI ကြီးစိုးလာရင် အလုပ်အကိုင် သုံးမျိုးလောက်ပဲ ကျန်တော့မယ်လို့ ယုံကြည်နေသလို၊ Elon Musk ကလည်း AI ဟာ လူသားအားလုံးရဲ့စုပေါင်းဉာဏ်ရည်ထက် ပိုမြင့်လာရင် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ်အခြေအနေကို ခန့်မှန်းပြောကြားထားဖူးပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ AI အပေါ် စိတ်ဝင်စားမှုတွေ အဆမတန်မြင့်တက်လာတာကို ကျွန်တော်တို့အားလုံး မျက်မြင်ကိုယ်တွေ့ကြုံခဲ့ကြရပါတယ်။ လူတိုင်းလိုလို ChatGPT ကို အသုံးပြုလာကြတာကနေ၊ OpenAI နဲ့ Oracle တို့လို ကုမ္ပဏီကြီးတွေပါဝင်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဒေါ်လာဘီလီယံ ၅၀၀ တန် AI ဖွံ့ဖြိုးရေးစီမံကိန်းတွေ၊ ကျွန်တော်တို့ရဲ့စမတ်ဖုန်းတွေထဲအထိ တိုက်ရိုက်ရောက်ရှိလာတဲ့ AI လက်ထောက်တွေအထိ အရာရာဟာ အလွန်လျင်မြန်စွာ ပြောင်းလဲနေပါတယ်။

လက်ရှိအချိန်မှာ တကယ့်ဗီဒီယိုအစစ်တွေနဲ့ AI ကဖန်တီးထားတဲ့ ဗီဒီယိုအတုတွေကို ခွဲခြားဖို့ ခက်ခဲလာနေတာကိုကြည့်ရင် ဟော့ကင်းရဲ့ သတိပေးမှုတွေဟာ ပြန်လည်စဉ်းစားစရာဖြစ်နေပြီး၊ ဒီနေ့ခေတ် AI ရဲ့တိုးတက်မှုတွေကိုသာ သူမြင်တွေ့ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုမှတ်ချက်တွေများပေးမလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခုအဖြစ် ကျန်ရှိနေပါတယ်လို့ ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။

Ref: Unilad