အမေရိကန်ရဲ့ နာမည်ကျော် မိုဘိုင်း အော်ပရေတာ T-Mobile က COVID-19 ရှိနေပေမယ့် ကုမ္ပဏီရဲ့ LTE နဲ့ 5G ကွန်ရက်ကို တိုးချဲ့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဗိုင်းရက်စ်ကြောင့် လူတွေ အိမ်မှာပဲနေကြဖို့ ကမ္ဘာအဝန်းမှာ ညွှန်ကြားထားကြတဲ့အတွက် စီးပွားရေး လုပ်ငန်းတော်တော်များများ ထိခိုက်နေကြပါတယ်။

T-Mobile ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ ကုမ္ပဏီဟာ ဆက်သွယ်ရေး ကွန်ရက်ကို ဆက်လက် တိုးချဲ့မှာပါ။ သတ္တိရှိတဲ့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကြောင့် ဒီလို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ LTE နဲ့ 5G ကွန်ရက်တွေ ထိန်းသိမ်းတာ၊ တိုးချဲ့တာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

ပြောရေးဆိုခွင့်ရှိသူက T-Mobile ဟာ အသစ် ဝယ်ယူထားတဲ့ 2.5GHz Mid-band ကို စတင် အသုံးပြုနေပြီလို့ ပြောပြီး T-Mobile ဟာ Sprint ကို မကြာခင်က အပြီးသတ် ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် T-Mobile ရဲ့ ကွန်ရက် တိုးချဲ့မယ့် အစီအစဉ်ဟာ အခက်အခဲတွေ ရှိနေပါတယ်။ စီအီးအို Mike Sievert က “ ကိုရိုနာဗိုင်းရက်စ်ကြောင့် အစိုးရနဲ့ မိတ်ဖက် ကုမ္ပဏီတွေဟာ လုပ်သား လျှော့ချပြီး အလုပ်လုပ်နေကြတဲ့အတွက်  ပါမစ်ရဖို့နဲ့ ကိရိယာ အသစ်တွေ တပ်ဆင်ဖို့ နှောင့်နှေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : gsmarena