ဟိုးအရင်က ခေတ်စားခဲ့ဖူးတဲ့ Modular ဖုန်း (စိတ်ကြိုက်ဖြုတ်တပ်နိုင်တဲ့ ဖုန်း) ပုံစံကို အခုခေတ်စားနေတဲ့ အလွန်ပါးလွှာတဲ့ (Ultra-slim) ဖုန်း ဒီဇိုင်းနဲ့ ပေါင်းစပ်ပြီး Tecno ကနေ “Tecno Modular Phone” ဆိုတဲ့ အမိုက်စား Concept ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါပြီ။ ဒါဟာ Tecno ရဲ့ Modular Magnetic Interconnection Technology ကို အခြေခံထားတာဖြစ်ပြီး အနာဂတ် ဖုန်းလောကအတွက် ဘယ်လိုဆန်းသစ်မှုတွေ ယူဆောင်လာမလဲဆိုတာ MWC ပွဲမှာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ အိုင်ဒီယာ
လက်ရှိ စမတ်ဖုန်းတွေမှာဆိုရင် ဟာ့ဒ်ဝဲလ် (Hardware) တွေက အသေတပ်ပြီးသားဆိုတော့ အသစ်တစ်ခု လိုချင်ရင် ဖုန်းတစ်လုံးလုံးကို လဲရတာမျိုးပါ။ ဒါပေမဲ့ Tecno ရဲ့ ဒီ Modular စနစ်ကတော့ လုံးဝကို ကွဲပြားသွားပြီ။ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းတွေကို နေ့စဉ်နဲ့အမျှ၊ ဒါမှမဟုတ် မိနစ်ပိုင်းအတွင်းမှာတင် လိုအပ်သလို ဖြုတ်တပ်၊ လဲလှယ်ပြီး အသုံးပြုနိုင်မှာပါ။ ဒါဆို ကိုယ့်ဖုန်းက ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အမြဲပြောင်းလဲနေမှာပေါ့။
ဒီစနစ်ရဲ့ အဓိက ဇာတ်ဆောင်တွေကတော့ Atom Edition (ငွေရောင်နဲ့ အနီရောင်) နဲ့ Moda Edition (မီးခိုးရင့်ရောင်နဲ့ ရွှေရောင်) ဆိုပြီး Tecno Modular ဖုန်းနှစ်မျိုးပဲ ဖြစ်ပါတယ်။

ပါးလွှာမှုရဲ့ အလှနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှု
ဒီဖုန်းတွေရဲ့ အထူက ၄.၉ မီလီမီတာ (4.9mm) ပဲ ရှိတယ်ဆိုတော့ Tecno Spark Slim ထက်တောင် ၁ မီလီမီတာ ပိုပါးနေသေးတာ အံ့ဩစရာပဲ။ ဖုန်းရဲ့ နောက်ကျောဘက်မှာတော့ အစိတ်အပိုင်းတွေကို ခိုင်ခိုင်မာမာ ကပ်ထားနိုင်ဖို့အတွက် သံလိုက် (Magnetic array) တွေ ပါဝင်ပါတယ်။
MagSafe လိုမျိုး ကြိုးမဲ့စနစ်မဟုတ်ဘဲ Tecno ကတော့ Pogo pins လို့ခေါ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေကို အသုံးပြုထားတာပါ။ ဒါက ပါဝါပေးပို့မှု ပိုမိုထိရောက်စေပြီး အပူထွက်တာလည်း နည်းစေပါတယ်။ ဥပမာ – ၄.၅ မီလီမီတာပဲ ထူတဲ့ Power Bank module ကို တပ်လိုက်ရင် ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို နှစ်ဆတိုးစေမှာဖြစ်ပြီး တပ်ထားရင်တောင် ဖုန်းက ပါးပါးလေးပဲ ရှိနေဦးမှာဆိုတော့ အိတ်ထဲထည့်သွားရတာ လုံးဝအဆင်ပြေမှာပါ။
ဒေတာတွေ ဘယ်လိုစီးဆင်းမလဲ
Tecno ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နောက်တစ်ချက်ကတော့ အစိတ်အပိုင်းတွေနဲ့ ဒေတာချိတ်ဆက်ဖို့အတွက် ကြိုးမဲ့စနစ်ကို အသုံးပြုထားတာပါ။ Bluetooth, Wi-Fi နဲ့ mmWave နည်းပညာတွေကို လိုအပ်သလို အသုံးပြုနိုင်မှာပါ။
Power Bank ဒါမှမဟုတ် Gaming Controller လိုမျိုး ဒေတာအများကြီး မလိုတဲ့ အစိတ်အပိုင်းတွေအတွက်ဆိုရင် Bluetooth က လုံလောက်ပါတယ်။
Action Camera ဒါမှမဟုတ် Telephoto Lens လိုမျိုး ဖုန်းမျက်နှာပြင်ပေါ်မှာ တိုက်ရိုက်ကြည့်ရှုဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေအတွက်တော့ မြန်နှုန်းမြင့်ပြီး ကြန့်ကြာမှုမရှိတဲ့ Wi-Fi ဒါမှမဟုတ် mmWave ချိတ်ဆက်မှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါမှလည်း Live Preview တွေ ကြည်ကြည်လင်လင် မြင်ရမှာပေါ့။
အနာဂတ်အတွက် မျှော်မှန်းချက်
အခုလောလောဆယ်မှာတော့ ဒီ Modular Magnetic Interconnection Technology ဟာ Tecno ရဲ့ ဟာ့ဒ်ဝဲလ်စွမ်းဆောင်ရည်တွေကို ပြသဖို့အတွက် ရှေ့ပြေးပုံစံ (Prototype) အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီနည်းပညာသာ တကယ်ထုတ်လုပ်မှုအဆင့်ထိ ရောက်လာပြီး လူကြိုက်များလာမယ်ဆိုရင် တခြားကုမ္ပဏီတွေကိုလည်း ဒီစနစ်ထဲ ပါဝင်လာဖို့ Tecno က ဖိတ်ခေါ်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းလောကမှာ Modular ဖုန်းတွေရဲ့ ခေတ်တစ်ခေတ် ပြန်လည်စတင်လာနိုင်တာပေါ့။
Ref : gsmarena