အမေရိကန် ကားထုတ်လုပ်သူ Tesla ဟာ ကမ္ဘာ့ လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးထားပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ စစ်တမ်းအရ ကုမ္ပဏီဟာ ၁၀ နှစ်အတွင်း ကား အစီးရေ ၃ သန်းဝန်းကျင် ရောင်းချထားနိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်မှာ ပထမဆုံးကားကို ရောင်းချခဲ့ပြီးကတည်းက ၂၀၂၂ ခုနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ပြီးဆုံးမယ့် ၁၀ နှစ်အတွင်းမှာ အစီးရေ ၃ သန်းနီးပါး ရောင်းချထားနိုင်ပါတယ်။ ၂၀၂၂ ခုနှစ် ကွာတား ၂ အထိ အစီးရေ ၂,၈၉၉,၈၇၇ ရောင်းချထားတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ဇူလိုင်လကုန် သို့မဟုတ် ဩဂုတ်လထဲမှာ ၃ သန်းအထိ ရောက်သွားမယ်လို့ Bloomberg က ခန့်မှန်းပါတယ်။
ကုမ္ပဏီဟာ ကွာတား ၂ မှာ အစီးရေ ၂၅၈,၅၈၀ ထုတ်လုပ်ပြီး ၂၅၄,၆၉၅ စီး ရောင်းချနိုင်ခဲ့ပေမယ့် ကွာတား ၁ ထက် နည်းပါးခဲ့ပါတယ်။ ဒီနှစ် ပထမနှစ်ဝက်မှာ Tesla ဟာ အစီးရေ ၅၆၄,၀၀၀ ရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်ရဲ့ ၃၈၆,၂၀၀ ထက်များခဲ့ပါတယ်။ ဇွန်လဟာ Tesla ရဲ့ သမိုင်းမှာ ကားထုတ်လုပ်မှု အများဆုံး ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။
Tesla ဟာ ၂၀၂၂ ခုနှစ်မှာ လျှပ်စစ်ကား အစီးရေ ၁ သန်းကျော် ရောင်းချနိုင်ဖို့ ကြိုးစားနေပြီး အရင်နှစ်ကထက် ၂ ဆ ပိုတိုးတက်လာမှာပါ။ ကုမ္ပဏီရဲ့ Gigafactory တွေရဲ့ ထုတ်လုပ်မှု စွမ်းအား ကောင်းမွန်မှုနဲ့ ကုန်ကြမ်းတွေ ပြတ်လပ်မှု မရှိအောင် စီမံထားနိုင်တာကြောင့် အခုလို တိုးတက်လာတာပါ။
ဒီနှစ် Tesla ကနေ ထုတ်လုပ်တဲ့ ကားအများစုကို ရှန်ဟိုင်း စက်ရုံကနေ ထုတ်လုပ်တာပါ။ ပြီးခဲ့တဲ့လ ၁ လမှာပဲ ရှန်ဟိုင်း စက်ရုံဟာ အစီးရေ ၇၀,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။
Ref : gizchina