ဒီရက်ပိုင်းအတွင်းမှာ လူပြောများနေတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ အင်တာနက် (Internet) နဲ့ အင်ထရာနက် (Intranet) တို့အကြောင်းရဲ့ အခြေခံအချက်အလက်အချို့ ကိုမျှဝေချင်ပါတယ်။ အထူးသဖြင့် နည်းပညာနဲ့ အနည်းငယ်အလှမ်းဝေးတဲ့သူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီအတွက် နည်းပညာမဆန်လွန်းဘဲ လွယ်ကူရှင်းလင်းတဲ့ အသုံးအနှုန်းတွေကိုပဲ အသုံးပြုသွားမှာပါ။

အင်တာနက်
အင်တာနက် (Internet) ဆိုတာ Internet Protocol Suite (TCP/IP) ကို အသုံးပြုပြီး ကမ္ဘာအနှံ့က သန်းထောင်နဲ့ချီတဲ့ ကွန်ပျူတာသုံးစွဲသူတွေချိတ်ဆက် အသုံးပြုနိုင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Internet ဟာ တစ်ကမ္ဘာလုံးနဲ့ လွတ်လပ်စွာ ချိတ်ဆက်နိုင်တယ်လို့ ဆိုရမှာပါ။ www. ဆိုတာကိုတော့ အင်တာနက်အသုံးပြုတဲ့ လူတိုင်းနီးပါးသိကြမှာပါ။ ဒီ W သုံးလုံးဟာ (World Wide Web) ပါပဲ။ အဓိပ္ပါယ်ကတော့ ကမ္ဘာ့ပင့်ကူအိမ်ပါ။

အင်ထရာနက်
အင်ထရာနက် (Intranet) ဆိုတဲ့ဝေါဟာရက ၁၉၉၄ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ အင်ထရာနက် (Intranet) ဟာ ပုဂ္ဂလိကကွန်ရက်တစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်း တစ်ခုအတွင်းမှာရှိတဲ့သူတွေပဲ သုံးစွဲနိုင်အောင် စီမံထားတာပါ။ ကန့်သတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့အတွင်းပိုင်းမှာပဲအသုံးပြုဖို့ တည်ဆောက်ထားတာလို့လည်း ဆိုနိုင်ပါတယ်။ ရည်ရွယ်ထားတာကတော့ ကုမ္ပဏီတွေ၊ ကော်ပိုရေးရှင်းကြီးတွေအတွင်း သီးသန့်အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ Internet နဲ့ Private network ကြားမှာ Firewall ခံပြီး အသုံးပြုခြင်းလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သီးသန့်ကွန်ရက်နဲ့ ကမ္ဘာ့ကွန်ရက်ကို တိုက်ရိုက်အဆက်အသွယ်မလုပ်နိုင်အောင် စီမံထားတာပါ။

အဓိက ကွာခြားချက်
အလွယ်ဆုံးနဲ့ ယေဘုယျအဆန်ဆုံးပြောရမယ်ဆိုရင် အင်တာနက် (Internet) ဟာ ကမ္ဘာ့ကွန်ရက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ အင်ထရာနက် (Internet) ကတော့ အဖွဲ့အစည်းတစ်ခုရဲ့ လုံခြုံမှုကိုဦးစားပေးတဲ့အတွက် ကမ္ဘာ့ကွန်ရက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာမျိုးမဟုတ်ဘဲ လုံခြုံရေ:စနစ်တွေ ခံထားပါတယ်။ အင်တာနက်ကတစ်ဆင့် အင်ထရာနက်ထဲကို ဝင်ရောက်ပြီး အချက်အလက်ရယူနိုင်မှုကို ကန့်သတ်ထားပါတယ်။

အိတ်စ်ထရာနက် Extranet
နောက်တစ်ခုကတော့ အိတ်စ်ထရာနက် (Extranet) ပါ။ ဒါကလည်း သီးသန့်ကွန်ရက် (Private network) တစ်ခုဖြစ်ပါတယ်။ အင်ထရာနက် (Intranet) ကို Extend လုပ်ပြီးအသုံးပြုတာပါ။ သီးသန့်ကွန်ရက်တွေ (Private network) ထားရှိတဲ့ ကုမ္ပဏီတွေကြားမှာ လုပ်ငန်းဆိုင်ရာသတင်းအချက်အလက်တွေ အပြန်အလှန်မျှဝေကြဖို့ Internet ဒါမှမဟုတ် Virtual Private Network (VPN) ကိုလည်း အသုံးပြုကြပါတယ်။ Security နဲ့ Privacy မှာတော့ Firewall management တွေ User authentication တွေ ပါဝင်ပါတယ်။

Ref: Google