အမေရိကန် ပြည်ထောင်စု၊ ဆန်ဒီယေဂို အခြေစိုက် Beam Global က နေရောင်ခြည်နဲ့ လေစွမ်းအင်ကို အသုံးပြုထားတဲ့ လျှပ်စစ်ကား အားသွင်းစက်ကို တီထွင်လိုက်ပြီး လမ်းမီးတိုင်တွေကိုလည်း အစားထိုးနိုင်ပါတယ်။

Beam က အဲဒီ လျှပ်စစ်ကား အားသွင်းစက်ကို BeamSpot လို့ အမည်ပေးထားပြီး လမ်းမီးတိုင်လို ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီမှာ Solar Panel ၊ လေဒဟတ်နဲ့ Battery Storage ထည့်သွင်းထားပါတယ်။ လမ်းမီးတိုင်လို အသုံးပြုနိုင်ဖို့ မီးလုံးလည်း တပ်ဆင်ထားပါတယ်။ အဲဒီအတွက် လျှပ်စစ်ကား အားသွင်းနိုင်သလို လမ်းမီးတိုင် အဖြစ် သုံးနိုင်ပါတယ်။ ဓါတ်အား ပြတ်တောက်သွားရင် Battery Storage ကနေ လျှပ်စစ်ကား အားသွင်းနိုင်သလို လမ်းမီး ဆက်လက်ပေးနိုင်ပါတယ်။

BeamSpot ကို တပ်ဆင်ရတာ လွယ်ကူပြီး Facility အသစ်တွေ မလိုအပ်ဘဲ လမ်းမီးတိုင်နေရာမှာ အစားထိုးလိုက်ရုံနဲ့ အိုကေပါတယ်။ အားသွင်းစက်ကို လျှပ်စစ်ကား အားသွင်းဖို့ အများဆုံး လိုအပ်တဲ့ အများပြည်သူ ဧရိယာတွေမှာ တပ်ဆင်ဖို့ ရည်ရွယ်ထားပါတယ်။ ဈေးဝယ်စင်တာ၊ လေဆိပ်၊ ပွဲအခမ်းအနားကျင်းပတဲ့ စင်တာ၊ အားကစားကွင်းနဲ့ ပန်းခြံတွေမှာ တပ်ဆင်နိုင်ပါတယ်။

လူနေထူထပ်တဲ့ နေရာတွေမှာ လျှပ်စစ်ကား အားသွင်းစက် အခြေခံ အဆောက်အဦးတွေ လိုအပ်မှု များပြားလာပါတယ်။ ဒါပေမယ့် နေရာ အခက်အခဲ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ BeamSpot အတွက် နေရာများများစားစား မလိုဘဲ လမ်းမီးတိုင်တွေနေရာမှာ အစားထိုးနိုင်တဲ့အတွက် လမ်းဘေးနဲ့ ကားပါကင်တွေမှာ တပ်ဆင်နိုင်ပါတယ်။

Ref : electrek