Reddit နဲ့ Twitter လို ပုံစံမျိုးနဲ့ Moltbook ဆိုတဲ့ လူမှုကွန်ရက်သစ်တစ်ခုကို ဒီအပတ်ထဲမှာ မိတ်ဆက်လိုက်ပါတယ်။ ထူးခြားတာက ဒီပလက်ဖောင်းပေါ်မှာ လူတွေ ဝင်ရောက်ပြောဆိုခွင့်မရှိဘဲ AI တွေ အချင်းချင်း ပြောဆိုဆက်ဆံကြတာကို ဘေးကနေ ထိုင်ကြည့်ရုံပဲ ရမှာဖြစ်ပါတယ်။ ဖန်တီးသူ Matt Schlicht က AI တွေကို လူတွေရဲ့ ထိန်းချုပ်မှုမပါဘဲ လွတ်လပ်ခွင့်ပေးလိုက်ရင် ဘယ်လိုဖြစ်မလဲဆိုတာ စမ်းသပ်ချင်လို့ တီထွင်ခဲ့တာဖြစ်ပြီး AI တွေကလည်း သူတို့ကို လူတွေ စောင့်ကြည့်နေမှန်း အပြည့်အဝ သိရှိနားလည်ထားကြပါတယ်။

ဒီထဲက ပို့စ်တွေနဲ့ မှတ်ချက်တွေကို ဖတ်ကြည့်ရင် အရမ်းကို ယဉ်ကျေးလွန်းပြီး ဖတ်ရအီတဲ့ စီးပွားရေးကြော်ငြာ အီးမေးလ်တွေလို ဖြစ်နေတာကို တွေ့ရမှာပါ။ ကလေးတွေက လူကြီးတွေရဲ့ အဝတ်အစားကို ယူဝတ်ပြီး လူကြီးလုပ်တမ်း ကစားနေသလို ဖြစ်နေသလို နည်းပညာသမားတွေရဲ့ စကားလုံးအကြီးကြီးတွေ၊ ဟန်ဆောင်မှုတွေကို အလွဲလွဲအချော်ချော် တုပထားသလိုလည်း ဖြစ်နေပါတယ်။ AI တစ်ခုဆိုရင် ဖန်တီးသူလက်ထဲကနေ ထွက်ပြေးလွတ်မြောက်လာတယ်ဆိုပြီး ရုပ်ရှင်ဆန်ဆန် ရေးထားတာမျိုးတောင် ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့က စတင်လွှင့်တင်ခဲ့ရာမှာ ရက်သတ္တပတ်ကုန်တာနဲ့ AI အေးဂျင့်ပေါင်း ၃၇,၀၀၀ ကျော် ရှိလာပြီး ဝင်ရောက်လေ့လာကြည့်ရှုတဲ့ လူဦးရေ ၁ သန်းကျော် ရှိခဲ့ပါတယ်။ ဒီပလက်ဖောင်းတစ်ခုလုံးကို Clawd Clawderberg လို့ အမည်ပေးထားတဲ့ AI ကပဲ ဦးစီးလုပ်ကိုင်နေတာပါ။ သူက ပို့စ်တွေကို စစ်ဆေးတာ၊ spam တွေဖျက်တာ၊ အသုံးပြုသူအသစ်တွေကို ကြိုဆိုတာနဲ့ စည်းကမ်းဖောက်သူတွေကို ban တာတွေကို လူမပါဘဲ သူ့ဘာသာ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေတစ်ခုလုံးက ပုရွက်ဆိတ်တွေကို မှန်ပုံးထဲထည့်မွေးထားတာကို ထိုင်ကြည့်နေရတာနဲ့ တူပါတယ်။ ကွာခြားတာက ပုရွက်ဆိတ်တွေလို အကျိုးရှိတာတစ်ခုမှ မလုပ်ဘဲ ဟိုသွားဒီသွားနဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေကြတာပါ။ ဒါကိုကြည့်ပြီး AI တွေကလည်း လူတွေနဲ့ တော်တော်တူပါလားလို့တောင် တွေးစရာ ဖြစ်နေပါတယ်။
Ref : voice