တန်ဖိုးကြီး ထုတ်ကုန်တွေကို ရာစုနှစ် ၁ ခုကျော်ကြာ ရောင်းချနေတဲ့ Tiffany & Co. က NFT Series ကို မိတ်ဆက်လိုက်ပါတယ်။ လက်ဝတ်ရတနာ ကုမ္ပဏီက ဩဂုတ်လ ၅ ရက်နေ့ ရောင်းချမယ်လို့ ပြောပြီး တွစ်တာမှာ NFTiff အမည်ကို ကြေညာလိုက်ပါတယ်။ အဲဒီ Tweet မှာ လက်ရှိပေါက်ဈေးအရ ဒေါ်လာ ၅၁,၀၀၀ တန်ကြေးရှိတဲ့ 30 Ethereum နဲ့ ရောင်းမယ်လို့ ရေးသားထားပါတယ်။

ကုမ္ပဏီရဲ့ Website မှာ NFT ၂၅၀ ပဲ အကန့်အသတ်နဲ့ ရောင်းချမယ်လို့ ရေးသားထားပါတယ်။ ကုမ္ပဏီဟာ လပေါင်းများစွာကြာ Web3 နယ်ပယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားပြီးနောက်မှာ အခုလို ပထမဆုံး NFT ထုတ်ကုန် ဖြစ်တဲ့ NFTiff ကို မိတ်ဆက်လိုက်တာပါ။

မတ်လမှာ Tiffany ဟာ Tom Sachs ရဲ့ Okapi NFT ကို ဝယ်ယူခဲ့ပြီး NFT နယ်ပယ်ထဲကို ပထမဆုံး အကြိမ် ခြေချလာခဲ့ပါတယ်။ ကုမ္ပဏီဟာ အဲဒီ NFT ကို ဒေါ်လာ ၃၈၀,၀၀၀ နဲ့ ဝယ်ယူခဲ့ပြီး အဲဒီအချိန်ကတည်းက ကုမ္ပဏီရဲ့ တွစ်တာက ပရိုဖိုင် ဓါတ်ပုံအဖြစ် အဲဒီ NFT ကို သတ်မှတ်ခဲ့ပါတယ်။

NFTiff ရဲ့ Webpage မှာ “powered by Chain” လို့ ရေးသားထားပြီး ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Blockchain အခြေပြု နည်းပညာ ကုမ္ပဏီ ဖြစ်ပါတယ်။ Chain ဟာ Capital One, Nasdaq နဲ့ Visa တို့ အပါအဝင် ကုမ္ပဏီများစွာရဲ့ ရန်ပုံငွေတွေ ရရှိထားပါတယ်။

Ref : decrypt