Apple ဟာ iOS 14 အတွက် Security Patch အသစ်ကို ထည့်သွင်းပေးလိုက်ပြီး‌နောက်မှာ User ရဲ့ Clipboard ကို အခွင့်မရှိဘဲ သုံးနေတဲ့ စမတ်ဖုန်း App တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီ App တွေဟာ On Screen ဖြစ်နေချိန်မှာ သုံးနေတာ ဖြစ်ပြီး အဲဒီ App တွေထဲမှာ ဗီဒီယို မျှဝေတဲ့ နာမည်ကျော် TikTok လည်း ပါလာပါတယ်။

TikTok ဟာ အရင်ကလည်း အလားတူ အလုပ်မျိုး လုပ်ခဲ့ဖူးပြီး မတ်လမှာ TikTok က အဲဒီလိုလုပ်တာကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ရပ်တန့်အောင် ပြုလုပ်ပေးမယ်လို့ Telegraph ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် iOS 14 ရဲ့  လုပ်ဆောင်ချက် အသစ်က TikTok ဟာ ဒီလို လုပ်နေတုန်းပဲ ဆိုတာ လက်ပူးလက်ကြပ် ဖမ်းပြခဲ့ပါတယ်။ User ရဲ့ Clipboard ကို အခွင့်မရှိဘဲ သုံးနေတဲ့ App တွေထဲမှာ Overstock, Accuweather, AliExpress, Patreon, Call of Duty Mobile နဲ့ Google News တို့ ပါဝင်ပါတယ်။

TikTok ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က Spam အမူအကျင့်တွေကို စစ်ဆေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ App က လုပ်ဆောင်ချက် ၁ ခုက ဒီလို ဖြစ်စေတာလို့ ရှင်းပြပါတယ်။ သူက Clipboard ကို သုံးနေတဲ့ အဲဒီလုပ်ဆောင်ချက်ကို ဖယ်ရှားထားတဲ့ Update ကို Apple App Store မှာ တင်ခွင့်လျှောက်ထားထားပြီးပြီ ဖြစ်တယ်လို့ ပြောပါတယ်။ Update ကို Android Device တွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina