အိုင်ယာလန်ရဲ့ ဒေတာ ကာကွယ်ရေး ကော်မရှင် (DPC) က TikTok ကို ဒေါ်လာ သန်း ၆၀၀ (ယူရို သန်း ၅၃၀) ဒဏ်ရိုက်လိုက်ပါတယ်။ European Economic Area (EEA) မှ TikTok သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေကို တရုတ်ကို ပေးပို့တဲ့အတွက် အခုလို ဒဏ်ရိုက်လိုက်တာ ဖြစ်ပါတယ်။
TikTok ဟာ EEA User Data တွေကို တရုတ်ကို ပေးပို့ပြီး ဥရောပသမဂ္ဂရဲ့ GDPR ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။ TikTok ဟာ သုံးစွဲသူ ဒေတာကို ကိုင်တွယ်ရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဆိုပါတယ်။
ဒဏ်ငွေအပြင် GDPR ဥပဒေနဲ့အညီ ဒေတာ ကိုင်တွယ်မှုကို ၆ လအတွင်း TikTok က ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ဒေတာတွေကို တရုတ်ကို ပေးပို့တာကို ရပ်နားရမှာ ဖြစ်ပါတယ်။
TikTok က အစောပိုင်းမှာ EEA User Data တွေကို တရုတ်မှ ဆာဗာတွေမှာ မသိမ်းထားဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လမှာ TikTok က EEA User Data တချို့ကို တရုတ်မှ ဆာဗာတွေမှာ သိမ်းဆည်းထားတာကို တွေ့ခဲ့ရတယ်လို့ DPC ကို အသိပေးခဲ့ပါတယ်။ TikTok ရဲ့ အစောပိုင်း သတင်းအချက်အလက်တွေက တိကျမှန်ကန်မှု မရှိပါဘူး။ TikTok က တရုတ်မှာ သိမ်းထားတဲ့ ဒေတာတွေကို ဖျက်လိုက်ပြီလို့ DPC ကို ပြောပါတယ်။
Ref : Gsmarena