TikTok ဟာ ပျော်စရာဗီဒီယိုအတိုလေးတွေပြုလုပ်နိုင်တဲ့ ဖျော်ဖြေရေးပလက်ဖောင်းတစ်ခုအဖြစ် ကမ္ဘာတစ်ဝန်းလုံးမှာ လူကြိုက်များရေပန်းစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက အိန္ဒိယအစိုးရဟာ သူ့နိုင်ငံတွင်းမှာ TikTok သုံးစွဲခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
ဇူလိုင်လဆန်းမှာလည်း အမေရိကန်မှာ TikTok ကို Ban လာနိုင်တဲ့ အရိပ်အယောင်ကို တွေ့မြင်ခဲ့ရပါတယ်။ အဓိကအကြောင်းအချက်ကတော့ TikTok ဟာ အချက်အလက်စုဆောင်းခြင်းနဲ့ ပိုင်ဆိုင်သူ ByteDance က တရုတ်ကုမ္ပဏီဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေ:အတွက် စိတ်မချရဘူးဆိုတဲ့ စွပ်စွဲချက်တွေလည်း ကပ်ပါလာခဲ့တာပါ။
TikTok ဘက်ကလည်း တရုတ်ပိုင်ကုမ္ပဏီဖြစ်ပေမယ့် တရုတ်အစိုးရနဲ့ ပတ်သက်မှုမရှိကြောင်းပြသဖို့ ကြိုးစားနေတာကို တွေ့မြင်ရပါတယ်။ သူတို့ဟာ Disney ရဲ့ ပူးတွဲအလုပ်အမှုဆောင်ဟောင်း Kevin Mayer ကို CEO အဖြစ်ခန့်အပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံကိုလည်း ပြောင်းလဲဖို့ အလေးထားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
TikTok ရဲ့ အကြီးဆုံး ရုံး ၅ ခုဟာ Los Angeles, New York, Landon, Dublin နဲ့ Mumbai တွေမှာရှိနေသလို ရုံးချုပ်ကိုလည်း တရုတ်နိုင်ငံနဲ့ဝေးကွာအောင် ထားရှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းအရ အတည်မပြုရသေးပေမယ့် ရုံးချုပ်ကို လန်ဒန်မှာထားရှိဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ သေချာတာကတော့ တရုတ်နိုင်ငံပြင်ပက အဓိကနေရာတွေမှာ ပြောင်းလဲအခြေစိုက်ဖို့ ကြိုးစားနေတာပါ။
TikTok ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကလေးသူငယ်ဆိုင်ရာအချက်အလက်ကို လွဲမှားစွာကိုင်တွယ်ခြင်းကြောင့် ကိုရီးယားဆက်သွယ်ရေးကော်မရှင် (KCC) က ဝမ် ၁၈၆ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်း ၅ သောင်း ၅ ထောင်) ဒဏ်ငွေချမှတ်ခဲ့ဖူးပါတယ်။ ဒီဒဏ်ငွေဟာ ကိုရီးယားနိုင်ငံအတွင်း နှစ်စဉ်ဝင်ငွေရဲ့ ၃% လည်း ဖြစ်ပါတယ်။
Ref: Gizmochina