အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှ Institute for Human and Machine Cognition (IHMC) မှ ပညာရှင်တွေက Tom Cruise ရဲ့ နာမည်ကြီး “Edge of Tomorrow” ရုပ်ရှင်ထဲကနဲ့တူတဲ့ စက်ရုပ် ဝတ်စုံကို စမ်းသပ်လိုက်ပါတယ်။
အဲဒီ စက်ရုပ်ဝတ်စုံကို Eva လို့ အမည်ပေးထားပြီး IHMC ဟာ လက်တွေ့ကမ္ဘာမှာ တကယ် အလုပ်ဖြစ်သလား ဆိုတာကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ Eva ကို အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ အလုပ်လုပ်သူတွေအတွက် ထောက်ကူဖို့ ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပြီး လေးလံတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်နိုင်ပါတယ်။
IHMC က Eva ဟာ ဝတ်ဆင်ထားသူ လမ်းလျှောက်နိုင်တဲ့ အကွာအဝေးကို တိုးမြှင့်ပေးနိုင်ပြီး လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်တယ်လို့ပြောပါတယ်။ တင်ပါးနဲ့ ဒူးခေါင်းရဲ့ အင်အားကို တိုးမြှင့်ပေးနိုင်ပါတယ်။ ကျောပိုးအိတ် ပါလာပြီး ဘက်ထရီ ထည့်သွင်းထားပါတယ်။ အသက်ရှူစက်လည်း ပါလာတဲ့အတွက် အောက်ဆီဂျင်လိုအပ်တဲ့ အခြေအနေတွေမှာ အသုံးဝင်ပါတယ်။
စက်ရုပ်ဝတ်စုံ နည်းပညာဟာ လူသားတွေကို စက်ရုပ် စွမ်းအင်တွေ ပံ့ပိုးပေးနိုင်ပါတယ်။ ဒုက္ခိတတွေကို လှုပ်ရှားသွားလာနိုင်အောင် ကူညီပေးပြီး စွမ်းရည်မြင့် အလုပ်တွေကို ပြုလုပ်နိုင်စေပါတယ်။