Apple ဟာ 5G iPhone တွေရဲ့ ရောင်းအားကို သန်း ၈၀ လောက်ရှိနိုင်တယ်လို့ မျှော်မှန်းထားတာကြောင့် Supplier တွေကို မျိုးဆက်သစ် 5G iPhone ၇၅ သန်းလောက် ဒီနှစ်ထဲမှာထုတ်လုပ်ပေးဖို့ ပြောထားကြောင်း Bloomberg က ရေးသား ဖော်ပြခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ Cupertino အခြေစိုက်ကုမ္ပဏီကြီးဟာ ပုံမှန်မော်ဒယ်သစ်နှစ်မျိုးနဲ့ Pro Premium မော်ဒယ်သစ်နှစ်မျိုးပါဝင်တဲ့ iPhone သစ်လေးမျိုးကို ဒီနှစ်နှောင်းပိုင်းမှာ ဖြန့်ချိဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီ iPhone သစ်တွေဟာ 5G ကွန်ရက်ကို ထောက်ပံ့ပေးပြီး OLED panel တွေနဲ့လည်း ဖြစ်ကြပါတယ်။

iPhone သစ်တွေရဲ့ အရွယ်အစားတွေကတော့ 5.4-inch, 6.1-inch နဲ့ 6.7-inch တို့ ဖြစ်ပါတယ်။ ပုံမှန်မော်ဒယ်တွေမှာ 5.4-inch နဲ့ 6.1-inch မျက်နှာပြင်တွေတပ်ဆင်ထားမှာဖြစ်ပြီး အလူမီနီယံဘောင်နဲ့ဖြစ်ပါလိမ့်မယ်။ Pro ဗားရှင်းတွေကတော့ 6.1-inch နဲ့ 6.7-inch မျက်နှာပြင်တွေဖြစ်ပြီး Stainless steel ကိုယ်ထည်တွေနဲ့ ဖြစ်ပါတယ်။ လေးမျိုးစလုံးဟာ iPad Pro နဲ့ ခပ်ဆင်ဆင် စတုရန်းအနားစွန်းဒီဇိုင်းတွေနဲ့ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် Pro အမျိုးအစားတွေမှာ Dark blue အရောင်သစ်ကို မိတ်ဆက်မှာဖြစ်ပြီး iPhone 11 Pro မှာ မြင်ခဲ့ရတဲ့ Midnight Green Shade နေရာမှာ အစားထိုးမယ်လို့ Bloomberg က ဆိုပါတယ်။ 6.7-inch Pro အမျိုးအစားကတော့ ဒီနှစ် iPad Pro မှာမိတ်ဆက်ခဲ့တဲ့ LIDAR ကင်မရာပါဝင်ပါလိမ့်မယ်။

ဒါ့အပြင် Apple ဟာ iPad Pro လိုမျိုး edge-to-edge မျက်နှာပြင်နဲ့ iPad Air အသစ်ကိုလည်း မိတ်ဆက်ဦးမယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး၊ Watch Series 5 ကိုဆက်ခံမှာနဲ့၊ Series 3 နေရာမှာ အစားထိုးမယ့် Apple Watch အမျိုးအစားသစ် နှစ်မျိုးကိုလည်း မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref: GSM Arena