တရုတ်နိုင်ငံရဲ့ ထိပ်တန်း စက်ရုပ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ UBTech Robotics ဟာ နယ်စပ်ဂိတ်တွေမှာ ခရီးသည်လမ်းညွှန်တာ၊ စစ်ဆေးရေးလုပ်တာနဲ့ ကုန်စည်ပို့ဆောင်ရေးတွေမှာ ကူညီဖို့အတွက် လူတူစက်ရုပ် (Humanoids) တွေ ထုတ်လုပ်ပေးမယ့် စာချုပ်ကြီးတစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။ ဒီပရောဂျက်အတွက် Vietnam နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Guangxi ပြည်နယ်၊ Fangchenggang မြို့က စက်ရုပ်စင်တာနဲ့ ယွမ် ၂၆၄ သန်း (ကန်ဒေါ်လာ ၃၇ သန်း) တန်ဖိုးရှိတဲ့ သဘောတူညီမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပရောဂျက်မှာ ဇူလိုင်လကမှ စတင်မိတ်ဆက်ခဲ့တဲ့ စက်မှုလုပ်ငန်းသုံး Walker S2 စက်ရုပ်မော်ဒယ်ကို အသုံးပြုသွားမှာပါ။ အဲဒီ Walker S2 စက်ရုပ်ဟာ သူ့ရဲ့ ဘက်ထရီကို ကိုယ်တိုင် အစားထိုးလဲလှယ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူပုံစံတူစက်ရုပ်အဖြစ် လူသိများပါတယ်။

China to deploy humanoid robots for border security

ရှေ့ပြေးစီမံကိန်းအနေနဲ့ နယ်စပ်တွေမှာ ခရီးသွားတွေကို လမ်းညွှန်တာ၊ လူစီးဆင်းမှု စီမံခန့်ခွဲတာ၊ ကင်းလှည့်တာ၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုတွေမှာ လူပုံစံတူစက်ရုပ်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သံမဏိ၊ ကြေးနီနဲ့ အလူမီနီယမ် ထုတ်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း စစ်ဆေးရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလမှာ စတင်ပေးပို့သွားမှာ ဖြစ်ပါတယ်။

UBTech ရဲ့ အဆိုအရ အခုလထဲမှာ စတင်တင်ပို့နေပြီဖြစ်တဲ့ Walker စီးရီးအတွက် စုစုပေါင်း အမှာစာတန်ဖိုးဟာ ယွမ် ၁.၁ ဘီလီယံအထိ ရှိလာပြီလို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ နှစ်ကုန်ပိုင်းမှာ စက်မှုလုပ်ငန်းသုံး လူပုံစံတူစက်ရုပ် အလုံးရေ ၅၀၀ အထိ ပေးပို့ဖို့ လျာထားပြီး ၂၀၂၇ ခုနှစ်မှာ အလုံးရေ ၁၀,၀၀၀ အထိ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း ကုမ္ပဏီရဲ့ Chief Branding Officer ဖြစ်သူ Michael Tam က ပြောကြားခဲ့ပါတယ်။

Ref : South China Morning Post