လာမယ့် Apple Watch Feature သစ်မှာ Panic Attack (ရုတ်တရက် ပြင်းထန်သောကြောက်ရွံ့မှု) မဖြစ်ခင် အသုံးပြုသူတွေကို သတိပေးမယ့် လုပ်ဆောင်ချက် ပါဝင်လာမယ်လို့ သိရပါတယ်။ WatchOS 7 နဲ့အတူ Apple ဟာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူရဲ့ သွေးတွင်းအောက်စီဂျင်အဆင့်နဲ့ နှလုံးခုန်မှုကို စောင့်ကြည့်ပြီး အကယ်၍ အသုံးပြုသူဟာ ပုံမှန်ထက်မြန်တဲ့ အသက်ရှူနှုန်းဖြစ်လာမယ်ဆိုရင် သတိပေးဖို့ ဆုံးဖြတ်လိမ့်မယ်လို့ နည်းပညာ လေ့လာသုံးသပ်သူဖြစ်တဲ့ Jon Prosser က ပြောပါတယ်။

Panic Attack ဖြစ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု မဖြစ်မီ ရုတ်တရက်ပေါ်ပေါက်လာတဲ့ စိတ်ခံစားချက် နဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုလက္ခဏာ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှန်ထက်မြန်တဲ့ အသက်ရှူမှု ဒါမှမဟုတ် ပုံမှန်မဟုတ်ဘဲ မြန်ဆန်စွာအသက်ရှူခြင်းတွေဟာ ထိတ်လန့်ခြင်းတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်လေ့ရှိတတ်ကြလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Apple Watch feature က Panic Attack မဖြစ်ခင်မှာ အသုံးပြုသူကို ကြိုတင်သတိပေးနိုင်မှာဖြစ်ပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ ဖြစ်စဉ်ကို ကျော်လွှားနိုင်ဖို့အတွက် အသက်ရှုခြင်းဆိုင်ရာ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ အကြံပြုမှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ Blood oxygen sensor လိုအပ်မှာဖြစ်တယ်လို့လည်း Prosser က ပြောပါသေးတယ်။ Apple ကတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး တုန့်ပြန်မှုတစ်စုံတရာ ပြုလုပ်ထားတာမျိုး မရှိသေးပါဘူး။

Ref: Phone Arena