LG အမှတ်တံဆိပ် စမတ်ဖုန်းလို့ ပြောလိုက်တာနဲ့ လတ်တလော နာမည်ရနေတဲ့ LG Velvet ဒါမှမဟုတ် LG Wing တွေကို မြင်ယောင်မိကြမယ် ထင်ပါတယ်။ ဒါပေမယ့် အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ဖြန့်ချိနေတဲ့ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက်ထဲကို အလယ်အလတ်တန်းစား စမတ်ဖုန်းတွေလည်း ဖြန့်ချိနေတာ ဖြစ်ပါတယ်။

LG ဟာ စမတ်ဖုန်းလောကရဲ့ ပြောင်းလဲလာတဲ့ တောင်းဆိုမှုကို လိုက်လျောခြင်းအားဖြင့် သူတို့ရဲ့အမှတ်တံဆိပ်ကို ဆက်လက်တည်ရှိနေအောင် ကြိုးစားနေတာပါ။ ဒါကြောင့် Mid-range စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်လာရတာဖြစ်ပါတယ်။ အခု Google Play Console မှာတွေ့မြင်လာရတဲ့ LG W31 ကလည်း တောင်ကိုရီးယား ကုမ္ပဏီကြီးရဲ့ အပြောင်းအလဲတွေထဲက တစ်ခုဖြစ်ပါတယ်။

Google Play Console ကတစ်ဆင့် တွေ့မြင်ရတဲ့ ရုပ်ပုံအရ LG W31 ဟာ ခပ်ထူထူ Bezel တွေ၊ ခပ်ကြီးကြီး Chin ပုံစံနဲ့ ဖြစ်ပါတယ်။ Selfie ကင်မရာအတွက်လည်း Teardrop notch တစ်ခုကို မျက်နှာပြင်ထိပ်မှာ နေရာချထားတာကို တွေ့မြင်ရပါတယ်။ LG W31 ကို MediaTek ရဲ့ Entry-level chipset ဖြစ်တဲ့ Helio P22 chipset ထည့်သွင်းပေးထားတာလည်း ဖြစ်ပါတယ်။

တပ်ဆင်ပေးထားတဲ့ RAM ကတော့ 4GB ဖြစ်ပြီး မျက်နှာပြင်ရဲ့ Resolution ဟာ 720 x 1,600 ဖြစ်ပါတယ်။ ဒီဟန်းဆက်ဟာ ချိုသာတဲ့ဈေးနှုန်းနဲ့ ဈေးကွက်ထဲကို ရောက်လာမှာ သေချာသလောက်ဖြစ်ပြီး မျက်နှာပြင်ကလည်း LCD အမျိုးအစားဖြစ်နိုင်ပါတယ်။ Android 10 နဲ့ စတင်ထွက်လာမှာဖြစ်ပြီး သိပ်မကြာခင်ရက်သတ္တပတ်တွေအတွင်း တရားဝင် မိတ်ဆက်လာနိုင်ပါတယ်။

ကနဦးကောလာဟလတွေအရတော့ LG W31 မှာ ကျောဘက်ကင်မရာတွေအဖြစ် 12MP အဓိက ကင်မရာနဲ့ 12MP (ultrawide) + 2MP depth sensor တွေ တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။ အရှေ့ဘက်က Selfie ကင်မရာကတော့ 16MP ဖြစ်ဖွယ်ရှိပါတယ်။ 4,000mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး ဘယ်လောက်မြန်မြန်အားသွင်းနိုင်မလဲဆိုတာတော့ မသိရသေးပါဘူး။

Ref: GSM Arena