စမတ်ဖုန်းကုမ္ပဏီတွေဟာ မော်ဒယ်သစ်ထုတ်ကုန်တစ်ခုကို ဈေးကွက်ပေါ်မူတည်ပြီး နာမည်အမျိုးမျိုး ပြောင်းလဲဖြန့်ချိလေ့ရှိပါတယ်။ မကြာသေးခင်ကပဲ OPPO ဟာ OPPO F17 Pro ကို OPPO Reno4 Lite, OPPO Reno4 F နဲ့ OPPO A93 စတဲ့နာမည်အသီးသီးနဲ့ မတူညီတဲ့ဈေးကွက်တွေဆီ ဖြန့်ချိခဲ့ပါသေးတယ်။

အခုလည်း FCC မှာရောက်နေတဲ့ မော်ဒယ်နံပါတ် CPH2185 နဲ့ Device တစ်ခုဟာ Realme Narzo 20 နဲ့ ဒီဇိုင်းချင်းဆင်တူနေတာကို တွေ့မြင်ရတာကြောင့် အမှတ်တံဆိပ်ပြောင်းထားတာလားလို့ ထင်ယောင်ထင်မှားဖြစ်စရာရှိပါတယ်။ ဒီလိုပြောရတဲ့အကြောင်းရင်းက OPPO နဲ့ Realme, OnePlus တို့ကြားက ဆက်နွယ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။

ဒီအမှတ်တံဆိပ်တွေဟာ နည်းပညာပိုင်းမှာ မျှဝေသုံးစွဲလေ့ရှိကြပေမယ့် ထုတ်ကုန်တစ်မျိုးတည်းကိုတော့ အမှတ်တံဆိပ်ပြောင်းလိုက်သလိုမျိုး ဒီဇိုင်းပိုင်းကိုတော့ မျှဝေအသုံးပြုလေ့မရှိကြပါဘူး။ ဒါပေမယ့် OPPO CPH2185 ကတော့ Realme Narzo 20 နဲ့ ကျောဘက်ဒီဇိုင်းချင်းအတော်လေးကို ဆင်တူနေတာကို တွေ့ရတာကြောင့် ဒီဇိုင်းပိုင်း Idea ကို မျှဝေသုံးစွဲထားဖွယ်ရှိတယ်ဆိုတဲ့ ကောက်ချက်တွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

စာရွက်စာတမ်းတွေအရ ဒီဟန်းဆက်ရဲ့ ကျောဘက်ဖွဲ့စည်းပုံကို ပြသထားတဲ့ ဒီဇိုင်းဟာ မကြာသေးခင်ကမှ ဖြန့်ချိခဲ့တဲ့ Realme Narzo 20 နဲ့ ဆင်တူနေတာကို တွေ့မြင်ရပါတယ်။ အခြားစာရွက်စာတမ်းတွေမှာတော့ ColorOS 7.2 ကို အသုံးပြုဖို့နဲ့ 3.5mm headphone, USB Type-C port, 4,230mAh ဘက်ထရီ၊ 10W charging တွေ ပါဝင်ထောက်ပံ့ထားကြောင်း ဖော်ပြထားပါတယ်။

Specs တွေအရဆိုရင်တော့ Narzo 20 ဟာ 6,000mAh ဘက်ထရီနဲ့ 18W အမြန်အားသွင်းစနစ်ထောက်ပံ့ထားတာကြောင့် ဘက်ထရီပိုင်းမှာ မတူညီဘူးလို့ ဆိုရပါမယ်။ ဒါ့ကြောင့် OPPO CPH2185 သုံးစွဲလာမယ့် Chipset နဲ့ ကင်မရာပိုင်းကလည်း Narzo 20 နဲ့ တူညီဖွယ်မရှိဘူးလို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း OPPO အနေနဲ့ Realme ရဲ့ ဒီဇိုင်းနဲ့ ထွက်လာမယ်ဆိုတာကတော့ ထူးဆန်းတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

Ref: Gizmochina