စမတ်ဖုန်းအသစ်တွေအပြင် တခြားသောနည်းပညာအသစ်အဆန်းတွေကိုပါ ပြသလေ့ရှိတဲ့ နှစ်စဥ်ကျင်းပနေကြ Mobile World Congress ဟာ ယခုနှစ်မှာလည်း လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ MWC ရဲ့ သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးဖြစ်လာဖို့များနေပါပြီ။

ဘာကြောင့်လဲဆိုရင် လက်ရှိတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်လို့ လူသိများတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကြောင့် စမတ်ဖုန်းကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီကြီးအတော်များများက MWC ကို တက်ရောက်မှာမဟုတ်တော့တာကြောင့်ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက LG ၊ Sony နဲ့ Nvidia လိုမျိုး ကုမ္ပဏီတွေက ပါဝင်ခြင်းမရှိတော့ဘူးလို့ ကြေညာခဲ့သလို အခုလည်း နောက်ထပ် Vivo ၊ Intel နဲ့ MediaTek လိုမျိုး ကုမ္ပဏီကြီးတွေကပါ တက်ရောက်မှာမဟုတ်တော့ဘူးဆိုပြီး ကြေညာလိုက်ပါပြီ။

Vivo ဟာဆိုရင် MWC 2020 မှာ Vivo Apex 2020 စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့အထိ စီစဥ်ထားတာဖြစ်ပြီး အခုလိုမျိုး တက်ရောက်မှာမဟုတ်တဲ့အတွက် Launch Event ကိုပါ ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် Vivo အနေနဲ့ Sony လိုမျိုး Offline Event အစား Online ကနေပဲ Launch ပြုလုပ်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Intel နဲ့ MediaTek ကုမ္ပဏီတွေလည်း အခုလိုမျိုး MWC 2020 မှာ ပါဝင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး တရားဝင် Statement ထုတ်ပြန်ခဲ့ပြီးတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဝန်ထမ်းတွေအပါအဝင် တခြားသော Consumer တွေရဲ့ ကျန်းမာရေးအတွက် ဒီလိုမျိုး ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ဟာဆိုရင် လက်ရှိအချိန်မှာ ကူးစက်ခံရသူ ၄၃,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူ အယောက် ၁,၀၀၀ ကျော်သွားပြီဖြစ်တဲ့အတွက် ကုမ္ပဏီတွေအနေနဲ့ အခုလိုဆုံးဖြတ်တာက မှန်ကန်တဲ့လုပ်ရပ်လို့တောင်ပြောလို့ရပါတယ်။

Ref – Gizmo China