၂၀၂၃ ဟာ Foldable တွေ မှိုလိုထွက်ကြမဲ့နှစ်လို့ ဆရာ့ဆရာကြီးတွေက ဟောကိန်းထုတ်ထားကြပါတယ်။ ဒီဟောကိန်းတွေက လွဲစရာအကြောင်း တစ်ချက်မှမမြင်ပါဘူး။ တရုတ်စမတ်ဖုန်းကုမ္ပဏီအတော်များများက Foldable တွေကို အပြိုင်အဆိုင် သူ့ထက်ငါ ဒီဇိုင်းဆန်းတွေနဲ့ ထုတ်လုပ်နေကြလို့ပဲ ဖြစ်ပါတယ်။

vivo ဟာ vivo X Fold ကို ၂၀၂၂ ခုနှစ် ဧပြီလမှ စတင်မိတ်ဆက်ခဲ့ပါတယ်။ လအနည်းငယ်အကြာမှာတော့ vivo X Fold S moniker နဲ့အတူ Snapdragon 8+ Gen 1 နဲ့ အဆင့်မြှင့်တင်မှုတစ်ခုကို ထုတ်ခဲ့ပြန်ပါတယ်။ အခုလည်း vivo ဟာ Foldable မျိုးဆက်သစ်တစ်ခုအတွက် လုပ်ဆောင်နေတာ သေချာပါတယ်။ ထွက်ပေါ်လာတဲ့ အထောက်အထားတွေအရတော့ vivo X Flip ပါပဲ။

vivo X Flip ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ OPPO ရဲ့ Find N Flip ကို တိုက်ရိုက်ယှဉ်ပြိုင်မယ်လို့ ယုံကြည်ရပါတယ်။ BKK ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အချင်းချင်းယှဉ်ပြိုင်မှုတွေထဲက နောက်တစ်ခုဖြစ်လာမှာပါ။ အခုအချိန်အထိတော့ vivo X Flip ရဲ့ Design language ကိုပဲ သိရပါသေးတယ်။ တခြား အသေးစိတ်အချက်အလက်တွေကို မတွေ့ရသေးပါဘူး။

Design language အရ vivo X Flip ဟာ ဖြန့်ထားချိန်မှာ vivo X90 စီးရီးနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ Flip foldable တွေရဲ့ အဓိကနဲ့ အကြီးမားဆုံးဆွဲဆောင်မှုက ပုံမှန်စမတ်ဖုန်းတွေနဲ့ နီးနီးစပ်စပ်တူညီမှုလည်း ဖြစ်ပါတယ်။ ဒါဟာ vivo X Flip ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာအဓိက အားသာချက်လည်း ဖြစ်လာနိုင်ပါတယ်။ အခုအချိန် မြင်တွေ့ရတာကတော့ ကျောဘက်မှာ Lens နှစ်ခုနဲ့အတူ ZEISS logo ရှိနေတာပါပဲ။

ဒါပေမဲ့ ကင်မရာတွေထည့်ထားတဲ့ Island ဟာ သိပ်ပြီး မကြီးလွန်းပါဘူး။ ဒါကြောင့် ကင်မရာတွေအောက်မှာ External display တစ်ခုကို ထပ်ပြီးနေရာချထားနိုင်ပါတယ်။ ဒီ External display ဟာ 682 pixels ကျယ်မယ်လို့ သိရပါတယ်။ အပေါ်ဘက်နဲ့ အောက်ဘက်ခြမ်းကို ဆက်သွယ်ပေးထားတာကတော့ Silver Hinge ဖြစ်တာကို တွေ့ရပါတယ်။

အတွင်းမျက်နှာပြင်ဟာ ပုံမှန် 1080p resolution ကို ယူဆောင်လာမယ်လို့ ယုံကြည်ရပြီး 120Hz refresh rate ကိုလည်း မျှော်လင့်ရပါတယ်။ အတွင်းဘက်မှာ Selfie ကင်မရာ ရှိ၊ မရှိ၊ ဒါမှမဟုတ် In-display ကင်မရာ ဖြစ်၊ မဖြစ်ကိုတော့ မသိနိုင်သေးပါဘူး။ ဖြစ်နိုင်ခြေများတာကတော့ Punch-hole ကင်မရာပါပဲ။ Digital Chat Station ကလည်း ဒီဇိုင်းပိုင်းလောက်ပဲ ပြသနိုင်သေးတာကြောင့် အသေးစိတ်အချက်အလက်သိဖို့ ထပ်ပြီးစောင့်ရဦးမှာ ဖြစ်ပါတယ်။

Ref: Gizchina