Y-series ဖုန်းတွေက တရုတ်နိုင်ငံမှာ vivo ရဲ့ အရောင်းရဆုံးဖုန်းတွေဖြစ်ပြီး အသစ်စက်စက် Y500 က အခုဆိုရင် တရားဝင်ပွဲထွက်လာခဲ့ပါတယ်။ ဒီဖုန်းအသစ်မှာ ကြီးမားလှတဲ့ 8,200mAh ဘက်ထရီကို ထည့်သွင်းထားတဲ့အတွက် ဘက်ထရီပမာဏအများကြီးပါတဲ့ တရုတ် midranger ဖုန်းတွေရဲ့ ခေတ်ရေစီးကြောင်းအတိုင်း ဆက်လက်ထွက်ရှိလာတာ ဖြစ်ပါတယ်။ အသစ်ပါဝင်လာတာက အဲဒါတစ်ခုတည်း မဟုတ်ဘဲ ဒီဖုန်းက ရေနဲ့ဖုန်ဒဏ်ကို ခံနိုင်တဲ့ IP68/IP69 အဆင့် သတ်မှတ်ချက် ရရှိထားပြီး Dimensity 7300 chip ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။

Chip နဲ့ ဘက်ထရီကို အဆင့်မြှင့်တင်ထားတာအပြင် Y500 ဟာ ကြံ့ခိုင်မှုအပိုင်းမှာလည်း သာလွန်တယ်လို့ vivo က ဆိုပါတယ်။

ဒီဖုန်းက ၁.၅ မီတာ အနက်ရှိတဲ့ ရေအောက်မှာ ၂၄ နာရီကျော်ကြာ နေနိုင်သလို၊ ဖိအားပြင်းတဲ့ ရေပန်းတွေရဲ့ဒဏ်နဲ့ ၈၀ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် အတွင်းပိုင်းမှာ တုန်ခါမှုစုပ်ယူတဲ့ နည်းပညာတွေပါတဲ့ vivo ရဲ့ ၃၆၀ ဒီဂရီ ပြုတ်ကျဒဏ်ခံ ဒီဇိုင်းနဲ့ ၆.၇၇ လက်မ AMOLED (FHD+ 120Hz) မျက်နှာပြင်အတွက် Diamond Shield ဖန်သားပြင် ကာကွယ်မှုလည်း ပါရှိပါတယ်။

Y500 မှာ ထည့်သွင်းထားတဲ့ 8,200mAh ဆီလီကွန် ကာဘွန်ဘက်ထရီက စွမ်းအင်သိပ်သည်းဆ 847Wh/L ရှိပါတယ်။ vivo ရဲ့ အဆိုအရ အဲဒီဘက်ထရီက ၁၈.၄ နာရီကျော်ကြာ ဆက်တိုက်အသုံးပြုနိုင်ဖို့ လုံလောက်တယ်လို့ ဆိုပါတယ်။ Y500 မှာ 90W ကြိုးတပ်အားသွင်းစနစ်လည်း ပါဝင်ပြီး လျှပ်စီးအား၊ ဗို့အားနဲ့ ဖုန်းအပူချိန် မြင့်တက်တာတွေကို ကာကွယ်ပေးမယ့် အဆင့် ၂၄ ဆင့်ရှိတဲ့ အားသွင်းမှု အကာအကွယ်စနစ်လည်း ပါရှိပါတယ်။

ကင်မရာပိုင်းမှာတော့ f/1.8 aperture ရှိတဲ့ 50 million ပင်မကင်မရာတစ်ခုနဲ့ 2MP depth ကင်မရာတစ်ခု ပါဝင်ပါတယ်။ ရှေ့ဘက်က punch hole ဒီဇိုင်းထဲမှာ ထည့်သွင်းထားတဲ့ 8MP ရှေ့ကင်မရာလည်း ပါရှိပါတယ်။ ဒီဖုန်းမှာ Android 15 ကို အခြေခံထားတဲ့ OriginOS 5 ကို သုံးစွဲထားပါတယ်။

vivo Y500 ကို Glacier Blue၊ Dragon Crystal Powder နဲ့ Black ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်ပါတယ်။ 8/128GB မော်ဒယ်က တရုတ်ယွမ် ၁,၃၉၉ ($196) ကနေ စတင်ပြီး အမြင့်ဆုံး 12/512GB မော်ဒယ်ကတော့ တရုတ်ယွမ် ၁,၉၉၉ ($280) ကျသင့်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၅ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Y500 က ကမ္ဘာ့ဈေးကွက်တွေဆီကို ဘယ်အချိန်မှာ ရောက်ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ref : gsmarena