Samsung ဟာ သူ့ရဲ့ Foldable မျက်နှာပြင်နည်းပညာကို ထုတ်ကုန်တွေအများကြီးမှာ တိုးချဲ့အသုံးပြုဖို့ ကြိုးပမ်းနေတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်တာတော့ အမှန်ပါပဲ။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်ကတည်းက Foldable laptops တွေကို မိတ်ဆက်နိုင်ဖို့ ကြိုးစားနေကြောင်းသတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။

Samsung ရဲ့ Foldable laptops တွေကို Galaxy Book Fold လို့ ခေါ်တွင်နိုင်ကြောင်းလည်း ခန့်မှန်းနေကြပါတယ်။ တစ်ဖက်မှာတော့ Apple ဟာ Samsung ရဲ့ Foldable စမတ်ဖုန်းတွေကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတဲ့ အဖြေရှိမနေသေးပါဘူး။ ဒါပေမဲ့လည်း အမေရိကန်ကုမ္ပဏီကြီးဟာ သူတို့ရဲ့ကိုယ်ပိုင် Foldable Laptop ကိုထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပုံပေါ်ပါတယ်။

Apple က လုပ်ဆောင်နေတဲ့ Foldable laptop-type device မှာ 20-inch မျက်နှာပြင်ကို တပ်ဆင်ထားမယ်လို့လည်း သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ Samsung ရဲ့ Galaxy Book Fold laptop နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက အခုအချိန်မှာတော့ မရှိသလောက်ကို နည်းပါးနေပါသေးတယ်။

ဒါပေမဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီဟာ 10-inch, 14-inch နဲ့ 17-inch မျက်နှာပြင်အရွယ်အစားနဲ့ ရှေ့ပြေးပုံစံအတော်များများကို လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ဒီ Laptop တွေကို ဘယ်အချိန်မှာမှ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားသလဲဆိုတာလည်း မသိရသေးပေမဲ့ Galaxy Book Fold ကို ဈေးကွက်ထဲ စောစောစီးစီး ပို့ဆောင်နေချင်တယ်လို့တော့ သတင်းထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

Bloomberg ရဲ့ Power On newsletter အရ Apple ဟာ 20-inch foldable display panel ပါရှိတဲ့ “iPad/MacBook hybrid” လို့ဖော်ပြထားတဲ့ Device သစ်တစ်ခုကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီ Device မှာ မျက်နှာပြင်နှစ်ခုပါရှိပြီး Samsung ရဲ့ Galaxy Book Fold လိုမျိုး သမားရိုးကျကီးဘုတ်နဲ့ Trackpad မပါရှိဘူးလို့လည်း သိရပါတယ်။ ဒီအတွက် စာရိုက်တာနဲ့ Navigating တွေကို Display ပေါ်မှာပဲ လုံးလုံးလျားလျားလုပ်ဆောင်မှာ ဖြစ်ပါတယ်။

Apple အနေနဲ့ အခုသတင်းထွက်နေတဲ့ ကိရိယာနဲ့ ဈေးကွက်ကိုအနိုင်ယူနိုင်မလားလို့ မေးခွန်းထုတ်ကြပေမဲ့ အမှန်တကယ်မှာတော့ သိပ်ပြီးမလွယ်ကူဘူးလို့ ယုံကြည်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ Foldable တွေနဲ့ပတ်သက်လာရင် အေးအေးလူလူပဲ ရှိနေပြီး အလျှင်စလိုလုပ်ဆောင်သွားမဲ့ပုံစံကိုလည်း မတွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

Ref: sammobile