Microsoft ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၅ ရက်နေ့တုန်းက Windows 11 ကို တရားဝင် Stable Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Windows 11 ဟာ Beta Version တွေထွက်ရှိတဲ့အချိန်ထဲက အသုံးပြုနိုင်ဖို့အတွက် ကန့်သတ်ချက်တွေရှိနေခဲ့သလို အခုလည်း ပြဿနာတစ်ခုကို ကြုံတွေ့ရနေရပြီဖြစ်ပါတယ်။

ဒါကတော့ တကယ်လို့ AMD Processor တွေကို အသုံးပြုနေပြီး Windows 11 ကို တင်ထားတယ်ဆိုရင် Performance ပိုင်းမှာ ယခင်ကထက် ပိုမိုနှေးကွေးနေစေမယ့် Bug တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ပိုနှေးသွားစေတဲ့အကြောင်းပြချက်ကတော့ Windows 11 ဟာ L3 Cache ကို သွားရောက်ထိခိုက်စေပြီး Latency ပိုင်းမှာ ၃ ဆ လောက်ပိုနှေးသွားစေတာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် ပုံမှန်အသုံးပြုနေတဲ့ Application တွေမှာ 3% ကနေ 5% အထိ စွမ်းဆောင်ရည်လျော့ကျမှာဖြစ်သလို eSport Game တွေဆိုရင် အများဆုံး 10% ကနေ 15% အထိ နှေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Windows 11 ဟာ AMD ရဲ့ နည်းပညာတစ်ခုဖြစ်တဲ့ Core တစ်လုံးကို အမြန်ဆုံး Clock Speed နဲ့ မောင်းနှင်ပေးနိုင်တဲ့ Preferred Core နည်းပညာကိုလည်း ကောင်းကောင်းအသုံးပြုနိုင်ခြင်းမရှိအောင် ပိတ်ပင်ထားတယ်လို့သိရပါတယ်။

AMD ရဲ့ ပြောကြားချက်အရတော့ TDP 65W နှင့်အထက် High End Processor တွေမှာ ယခုပြဿနာက ပိုမိုဆိုးရွားနေမှာဖြစ်ပြီး အထူးသဖြင့် 8-Cores နှင့်အထက် CPU Processor တွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ AMD ဟာ Microsoft နဲ့ပူးပေါင်းပြီး အဆိုပါ ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင်အောင် ပြုလုပ်နေတယ်လို့ သိရပါတယ်။ လက်ရှိခန့်မှန်းရသလောက်ကတော့ ယခုအောက်တိုဘာလကုန်ပိုင်းမှာ အစောဆုံးအနေနဲ့ Update Patch ထွက်ရှိလာနိုင်တာကြောင့် AMD Processor ကို သုံးထားတယ်ဆိုရင် Windows 11 ကို မတင်သေးဘဲ စောင့်ကြည့်သင့်ပါတယ်။

Ref – GSM Arena