နာမည်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် Streaming ဘက်ရောက်လာတဲ့အချိန်မှာ နောက်ဆုံးတော့ Wiz Khalifa လည်း ပါဝင်လာပြီဖြစ်ပါတယ်။ သူဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် Game Stream ပြုလုပ်ကာ ရရှိတဲ့ ပိုက်ဆံတွေကို ရန်ပုံငွေအဖြစ် လှူဒါန်းမှာပါ။

Wiz and Friends Charity Livestream လို့ အမည်ပေးထားတဲ့ အစီအစဉ်ကို အကူအညီလိုအပ်တဲ့ စိတ်ရောဂါရှင်များအား လှူဒါန်းတဲ့ Rise Above the Disorder အဖွဲ့အစည်းအတွက် ရည်ရွယ်ပြုလုပ်မှာဖြစ်ပြီး အခြား နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့လည်း အတူတွဲဖက်ပြီး ဂိမ်းဆော့ပြမှာပါ။

ဒီအစီအစဉ်ကို Pittsburgh Knights Esports အဖွဲ့အစည်းနဲ့ ရန်ပုံငွေထူထောင်ရေးပလက်ဖောင်းတစ်ခုဖြစ်တဲ့ Softgiving တို့က ပူးတွဲကူညီပေးမှာ ဖြစ်ပါတယ်။

“အခုခေတ်မှာ အနုပညာရှင်တွေဟာ Twitch လိုမျိုး ကွဲပြားခြားနားတဲ့ ပလက်ဖောင်းတွေကိုလည်း အသုံးပြုပြီး ဂီတ ထိုးဖောက်မှုတွေ ပြုလုပ်နေပါပြီ၊ ကျွန်တော်ဟာ နည်းပညာနဲ့ပတ်သက်ရင် အမြဲတမ်းရှေ့ရောက်အောင် ကြိုးစားလေ့ရှိပြီး အခုအချိန်ဟာ သမိုင်းမှာ ထူးခြားတဲ့ အချိန်ဖြစ်တယ်လို့လည်း ထင်ပါတယ်၊ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရတာကို ပျော်ရွှင်မိပါတယ်” လို့ Wiz က ဆိုပါတယ်။

Wizandfriends.com မှာ လှူဒါန်းမယ်ဆိုရင် Wiz ရဲ့ Livestream မှာ ပါဝင်ခွင့်အတွက် ကံစမ်းနိုင်မှာဖြစ်ပြီး အလှူငွေထည့်ထားတဲ့ ပရိသတ်တွေထဲက ကံထူးရှင်နှစ်ယောက်ကို ခေါ်ယူဆော့ကစားသွားမှာဖြစ်ပါတယ်။

Ref – One Esports