Apple ဟာ iPhone နဲ့ Apple Watch အသုံးပြုသူတွေအတွက် ဂြိုလ်တုကနေတစ်ဆင့် သုံးနိုင်တဲ့ ဝန်ဆောင်မှုတွေ တိုးချဲ့ဖို့ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဲဒီထဲက တချို့ဝန်ဆောင်မှုတွေကတော့ အချိန်အတော်ကြာ စောင့်ရဦးမယ့်ပုံပါပဲ။ Bloomberg က Mark Gurman ရဲ့ နောက်ဆုံးသတင်းအရ Apple မှာ ဂြိုလ်တုချိတ်ဆက်မှုပိုင်းအတွက် လုပ်ဆောင်မယ့် တိုးတက်မှုစာရင်းရှည်ကြီး ရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဝန်ဆောင်မှုတွေက Globalstar ရဲ့ ကွန်ရက်ကို အားကိုးရမှာဖြစ်ပြီး Globalstar အနေနဲ့လည်း Apple ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လာမယ့်နှစ်တွေမှာ အဓိကကျတဲ့ တိုးတက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
အကြီးမားဆုံး ပြောင်းလဲမှုကတော့ ‘ဂြိုလ်တုမြေပုံ’ (satellite maps) ပါပဲ။ ဒီဝန်ဆောင်မှုက iPhone နဲ့ Apple Watch အသုံးပြုသူတွေကို ဖုန်းလိုင်းလုံးဝမရှိတဲ့ နေရာတွေမှာတောင် Apple Maps ကို သုံးပြီး လမ်းညွှန်မှုတွေ ရယူနိုင်စေမှာ ဖြစ်ပါတယ်။ Apple ဟာ third-party app တွေအတွက် API (application programming interface) တစ်ခုကိုလည်း တည်ဆောက်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါက developer တွေကို သူတို့ရဲ့ app တွေထဲမှာ ဂြိုလ်တုချိတ်ဆက်နိုင်စွမ်းကို ထည့်သွင်းခွင့်ပေးမှာ ဖြစ်ပါတယ်။
Apple က ဂြိုလ်တုချိတ်ဆက်တဲ့ လုပ်ငန်းစဉ်ကို ပိုပြီးလွယ်ကူအောင် လုပ်ချင်နေပါတယ်။ ဂြိုလ်တုကိုမိအောင် ဖုန်းကို ကောင်းကင်ဘက် ထောင်ပြထားရတဲ့ လိုအပ်ချက်ကို ဖယ်ရှားပစ်ချင်တာပါ။ နောက်ပိုင်းထွက်မယ့် iPhone တွေဟာ အိမ်ထဲမှာဖြစ်ဖြစ်၊ အသုံးပြုသူတွေရဲ့ အိတ်ကပ်ထဲမှာပဲဖြစ်ဖြစ် ဂြိုလ်တုချိတ်ဆက်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ထွက်မယ့် iPhone 18 စီးရီးအတွက် အဓိက တွန်းအားပေးမယ့်အချက်ကတော့ 5G Non-Terrestrial Networks (NTN) support ကို ထည့်သွင်းလာမှာပဲ ဖြစ်ပါတယ်။ ဒါက ဖုန်းလိုင်းအော်ပရေတာ (carriers) တွေကို ကွန်ရက်လွှမ်းခြုံမှု ပိုကျယ်ပြန့်လာအောင် ဂြိုလ်တုတွေကို အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။
Apple ဟာ ဂြိုလ်တုချိတ်ဆက်မှုကနေတစ်ဆင့် ဓာတ်ပုံတွေ ပေးပို့ လက်ခံနိုင်တဲ့ အဆင့်မြှင့်တင်ထားတဲ့ messaging ဝန်ဆောင်မှုတစ်ခုကို ယူဆောင်လာဖို့လည်း ပြင်ဆင်နေပါတယ်။ Apple ဟာ iPhone 14 စီးရီးကတည်းက ဂြိုလ်တုချိတ်ဆက်နိုင်စွမ်းကို အရှိန်မြှင့်တင်ခဲ့တာပါ။ ဒါပေမဲ့ အခုသတင်းသစ်အရ Apple က အမှုဆောင်အရာရှိတချို့ဟာ ဒီဂြိုလ်တုကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေးလုပ်ဆောင်နေမှုအပေါ်မှာ သဘောမကျဘဲ နှစ်ခွဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကဏ္ဍက အစဉ်အလာအားဖြင့် ဖုန်းလိုင်းအော်ပရေတာ (carriers) တွေကပဲ ကိုင်တွယ်ရတဲ့ နေရာဖြစ်နေလို့ပါပဲ။
Ref : gsmarena