လက်ရှိအချိန်မှာ Android စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်က အရင်ထက်အများကြီးကောင်းမွန်လာကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ Qualcomm Snapdragon 8 Gen 1 Chipset ကို အသုံးပြုထားတဲ့ Android Flagship ဖုန်းတွေဟာ မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ A15 Bionic Chip နဲ့ iPhone 13 Pro Max ရဲ့ စွမ်းဆောင်ရည်ကိုတော့ လိုက်မမှီခဲ့ပါဘူး။

အခုအချိန်မှာတော့ Qualcomm ကနေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 8+ Gen 1 Chipset ကို မိတ်ဆက်ထားလိုက်ပြီဖြစ်သလို အဆိုပါ Snapdragon 8+ Gen 1 ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေလည်း အများအပြားထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါဖုန်းတွေထဲမှာ Xiaomi ကနေ မိတ်ဆက်ထားတဲ့ Xiaomi 12S Ultra ဖုန်းလည်းပါဝင်ခဲ့ပါတယ်။

YouTube Reviewer တစ်ဦးဖြစ်တဲ့ Golden Reviewer ကနေ မကြာသေးခင်တုန်းကမှ ထွက်ရှိထားတဲ့ Xiaomi 12S Ultra နဲ့ iPhone 13 Pro Max ဖုန်းတွေကို Gaming Test အနေနဲ့ စွမ်းဆောင်ရည်ပိုင်းကို နှိုင်းယှဥ်ခဲ့ပါတယ်။ အဆိုပါ နှိုင်းယှဥ်ချက်အရတော့ Xiaomi 12S Ultra ဖုန်းဟာ iPhone 13 Pro Max ဖုန်းတွေထက် သိသိသာသာကောင်းမွန်ပြီးတော့ ဂိမ်းဆော့ကစားတဲ့သူတွေအတွက် ပိုပြီး သင့်တော်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူ့ရဲ့ စမ်းသပ်ချက်အရ Xiaomi 12S Ultra ဖုန်းဟာ Genshin Impact ဂိမ်းမှာ ပျှမ်းမျှ 57.7fps အထိရရှိနိုင်ပြီးတော့ iPhone 13 Pro Max ဖုန်းအပြင် လက်ရှိ စမ်းသပ်ထားသမျှ Flagship ဖုန်းတွေထက် ပိုကောင်းနေတာဖြစ်ပါတယ်။ အပူချိန်အနေနဲ့လည်း 42.3’C ပဲရှိတာကြောင့် iPhone 13 Pro Max ၊ Samsung Galaxy S22 Ultra လိုမျိုးဖုန်းတွေလိုမျိုး Heat တက်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် Xiaomi 12S Ultra ဖုန်းဟာ လက်ရှိအချိန်မှာ ဂိမ်းအဓိကဆော့ကစားတဲ့သူတွေအတွက် ရွေးချယ်စရာအကောင်းဆုံးဖုန်းတစ်လုံးဖြစ်လာတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ROG Phone 6 လိုမျိုး Gaming Phone နဲ့ နှိုင်းယှဥ်ထားခြင်းမရှိသေးတာကြောင့် ROG Phone 6 ထက်ပါ ပိုကောင်းနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။

Ref – Gizmo China